သိမ်းပိုက်ထားသည့် မော်လူးမြို့အတွင်း စစ်ကောင်စီတပ်များ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို ရှင်းလင်း

သိမ်းပိုက်ထားသည့် မော်လူးမြို့အတွင်း စစ်ကောင်စီတပ်များ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို ရှင်းလင်း

စစ်ကိုင်းတိုင်း မော်လူးမြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်က ထောင်ထားသော မြေမြှုပ်မိုင်းများကို ရှာဖွေရှင်းလင်းနေပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

စစ်ကောင်စီတပ်များ ထောင်ထားသည့် မြေမြှုပ်မိုင်း အလုံး(၃၀)ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းများနှင့် ပကဖများက ပြည်သူလူထု ထိခိုက်မှုမရှိစေရန် ရှာဖွေရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် ထုတ်ပြန်ထားသည်။  

"မော်လူးမြို့ကတော့ လောလောဆယ် အေးချမ်းနေပါတယ်။"ဟု ABSDF မြောက်ပိုင်းမှ ထောက်လှမ်းရေးတာဝန်ခံ ကိုစောက Tachileik News Agencyကိုပြောသည်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို အမှတ် (၁)စစ်ဒေသ ကွပ်ကဲမှုဖြင့် KIA၊ PDF၊ KPDF၊ ABSDF၊ ဒေသခံ ပကဖ၊ ပလဖတို့ ပူးပေါင်း၍  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားနှင့် အင်အား(၃၀)ဝန်းကျင် တပ်စွဲထားသည့် မော်လူးရဲစခန်းကို တိုက်ခိုက်သိမ်းယူခဲ့ရာ မြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၇)ဦး သေဆုံးပြီး (၇)ဦးကို ဖမ်းဆီရမိခဲ့သည့်အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

မော်လူးမြို့နှင့် (၆၄)မိုင်ကွာဝေးသည့် ထီးချိုင့်မြို့နယ်တွင်မူ စစ်ကောင်စီတပ်က ဖက်တောင်ခြေအနီးရှိ အမှတ်(၂)ရပ်ကွက် စျေးကုန်း၊ ထီးချိုင့်မြို့ စျေးအနီး အရှေ့တောရကြီးကျောင်းနှင့် အနောက်တောရကြီးကျောင်းကြားရှိ နေအိမ်များအား ယမန်နေ့နှင့် ဒီဇင်ဘာလ(၁၆)ရက်နေ့တို့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

ဒီဇင်ဘာလ (၁၅)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ကို တိုက်လေယာဉ်နှစ်စီးဖြင့် ဓာတုလက်နက်သုံး ဗုံးကြဲခြင်း၊ ပေါင်(၅၀၀)ဗုံးကြဲခြင်းအပြင် လေယာဥ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများကို လုပ်ဆောင်ခဲ့သည်။

#TachileikNewsAgency