တာချီလိတ်ကနေ လာအိုဘက်သို့ သွားရောက်မည့် ကျားဖြန့် လုပ်သား အထောက်အထားမဲ့ တရုတ်နိုင်ငံသား (၁၉)ဦးကို မိုင်းဖုန်းတွင် ဖမ်းမိ

တာချီလိတ်ကနေ လာအိုဘက်သို့ သွားရောက်မည့် ကျားဖြန့် လုပ်သား အထောက်အထားမဲ့ တရုတ်နိုင်ငံသား (၁၉)ဦးကို မိုင်းဖုန်းတွင် ဖမ်းမိ

မြန်မာ - လာအို - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုအတွင်း၌ တာချီလိတ်မြို့တွင်းကနေ တဖက် လာအိုနိုင်ငံသို့ သွားရောက်မည့် တရားမဝင် တရုတ်နိုင်ငံသား (၁၉)ဦး အပါအဝင် (၂၀)ဦးကို မြန်မာဘက် ပူးပေါင်းအဖွဲ့က ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပါခါကျေးရွာအနီး ရာဘာခြံအတွင်း၌ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသား အမျိုးသား(၁၈)ဦး နှင့် အမျိုးသမီး(၁)ဦး အပါအဝင် ထိုင်းနိုင်ငံသူ (၁)ဦး စုစုပေါင်း (၂၀)ဦးအား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ တာချီလိတ်မြို့တွင်းကနေ တဖက် လာအိုနိုင်ငံသို့ စက်လှေဖြင့် တရားမဝင်သွားရောက်ရန် ရာဘာခြံအတွင်း၌ ခေတ္တဝင်ရောက်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် စုစုပေါင်း (၂၀)ဦးထံက  လက်ကိုင်ဖုန်း(၁၅)လုံး နှင့် ကွန်ပျူတာ (၅)လုံး အပါအဝင် ၎င်းတို့အား လိုက်လံပို့ဆောင်ပေးသည့် ကား(၂)စီးတို့ကိုလည်း သိမ်းဆည်းရရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသား (၁၉)ဦးတွင် အသက်(၁၉)နှစ်အရွယ်ကနေ အသက်(၄၈)နှစ်အရွယ်အထိ ပါဝင်ပြီး ၎င်းတို့သည် အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်လုပ်ငန်းဖြစ်သည့် ကျားဖြန့် လုပ်ကိုင်သူများ ဖြစ်ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရသည်။



လက်ရှိတွင် ၎င်းတို့အား ဝမ်ပုံ နယ်မြေရဲစခန်းတွင် ဖမ်းဆီးထားရှိပြီး စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။  

တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် အွန်လိုင်းလိမ်လည်လုပ်ငန်းဖြစ်သည့် ကျားဖြန့် လုပ်ငန်းများနှင့် ပတ်သက်၍ တာချီလိတ်မြို့တွင်း တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးမှုများရှိနေရာ  အဆိုပါ တရုတ်နိုင်ငံသားများသည် ထိုင်းနိုင်ငံဘက်သို့ မယ်ဆိုင်ချောင်းကနေ ထွက်ခွာကြသူများလည်းရှိသလို လာအိုနိုင်ငံဘက်သို့ စက်လှေဖြင့် ထွက်ခွာကြသူများ ရှိနေရာ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင်လည်း ယခုရက်ပိုင်းအတွင်း နယ်စပ်ဖြတ်ကျော်လာသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသားများကို ဖမ်းဆီးရရှိမှုများ ရှိနေကြောင်းလည်း သိရသည်။