မြင်းခြံမြို့နယ် ဝါးကြီးအိုင်ရွာမှ ပျူခေါင်းဆောင်နေအိမ်ကို ဒေသကာကွယ်ရေးတပ်များဝင်ပစ်၊ ပျူခေါင်းဆောင် ထွက်ပြေးလွတ်မြောက်

မြင်းခြံမြို့နယ် ဝါးကြီးအိုင်ရွာမှ ပျူခေါင်းဆောင်နေအိမ်ကို ဒေသကာကွယ်ရေးတပ်များဝင်ပစ်၊ ပျူခေါင်းဆောင် ထွက်ပြေးလွတ်မြောက်
ဇန်နဝါရီ 26, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဝါးကြီးအိုင်ရွာမှ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဒေသကာကွယ်ရေးတပ်များက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ရာ တစ်ဦးသေပြီး ပျူစောထီးခေါင်ဆာင်များ ထွက်ပြေးလွတ်မြောက်သွားကြောင်း MGN District-MDA 3ထံမှ သိရသည်။

ဝါးကြီးအိုင်ရွာရှိ ပျူစောထီးခေါင်းဆောင် စိန်ထွန်း ဦးဆောင်သော ပျူစောထီးအဖွဲ့အား ဒေသကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင်နေအိမ်အား ဝင်ရောက်စီးနင်းခါနီးတွင် ရုံးစည်ကြီးနှင့် ဇရပ်ကြီးမှ စစ်ကောင်စီတပ်များ စစ်ကူလာသောကြောင့် ပြန်ဆုတ်ခဲ့ရသည်ဟု ဆိုသည်။

ဇရပ်ကြီးမှ စစ်ကူလာသော စစ်ကောင်စီတပ်ကားကို ရုံးစဥ်လေးရွာအနီးတွင် ထပ်မံမိုင်းဆွဲခဲ့ရာ အထိအခိုက်ရှိခဲ့သည်ဟုလည်း သိရသည်။

ပျူစောထီးခေါင်းဆောင်နေအိမ်အား ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦးသေဆုံးပြီး ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်သွားသဖြင့် ကာဘိုင်တစ်လတ်နှင့် ကျည်အချို့ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

၎င်းကျေးရွာရှိ ပျူ‌စောထီးအဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်က တစ်ကြိမ် ဒေသကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ရာ တစ်ရွာလုံးရှိ ပျူစောထီးအဖွဲ့ဝင်များမှ တော်လှန်ရေးအဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးဖူးသော ရွာဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း အမှတ်(၃)နှင့် ညီနောင်မဟာမိတ်အဖွဲ့များဖြစ်သော တောင်သာမြို့နယ် ပကဖ၊ BGF၊ ညောင်ဦးရင်း(၅)၊ အညာမြေ အထူးကွန်မန်ဒိုတပ်ဖွဲ့၊ Popa Production and Guerilla Force(PPGF)နှင့် ပုဂံဘီလူးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency