တိုက်ပွဲများ ဆီဆိုင်မြို့ကို ကျော်လာပြီး စစ်ကောင်စီတပ်ကလည်း အဆက်မပြတ်ဗုံးကြဲလာ၊ ဆီဆိုင်မြို့အတွင်း ယခုည တိုက်ပွဲပြင်းထန်နေ

တိုက်ပွဲများ ဆီဆိုင်မြို့ကို ကျော်လာပြီး စစ်ကောင်စီတပ်ကလည်း အဆက်မပြတ်ဗုံးကြဲလာ၊ ဆီဆိုင်မြို့အတွင်း ယခုည တိုက်ပွဲပြင်းထန်နေ
ဇန်နဝါရီ 25, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့အတွင်း ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့ ည(၁၀)နာရီခွဲကျော်တွင် တိုက်ပွဲပြင်းထန်နေပြီး ဆီဆိုင်မြို့အပြင် ဆိုက်ခေါင်ဘက်တွင်လည်း တိုက်ပွဲဖြစ်လာကာ စစ်ကောင်စီတပ်က လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

"အခုည မြို့တွင်းထဲ ပစ်နေကြပြီ။ အကြီးအကျယ်ပဲ။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ဆီဆိုင်မြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများကို PNLAက ထိန်းချုပ်ပြီးနောက် မြို့နှင့် (၂)မိုင်ဝန်းကျင်ဝေးသည့် ခမရ(၄၂၃)၊ (၄၂၄)တပ်စခန်းများကို ထပ်မံသိမ်းကာ ဆက်လက်ချီတက်တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။ 

"ဆီဆိုင်မြို့ကိုကျော်ပါပြီ။ ခမရ(၄၂၃)၊ (၄၂၄)ကိုကျော်လွန်ပြီး အင်အားဖြန့်ကျက်ချထားပြီလို့ ယူဆရပါတယ်။ ဘန်းယဉ်မှာ စစ်ကောင်စီတပ်ရဲ့ အထိုင်စခန်းရှိတော့ ဘန်းယဉ်အထိသွားမယ်ထင်တယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ဘန်းယဉ်မြို့နယ်ခွဲသည် ဆိုက်ခေါင်မြို့နယ်ခွဲအ‌ကျော် ဟိုပုံးနယ်စပ်တွင်ရှိပြီး ဆိုက်ခေါင်နှင့် ဆီဆိုင်မြို့မှာ (၁၀)မိုင်ဝန်းကျင်ဝေးကာ ဆီဆိုင်နှင့် ဘန်းယဉ်မှာ မိုင်(၃၀)ကျော်ဝေးသည်ဟု သိရသည်။

ဘန်းယဉ်သည် ယခင်က ရွာကြီးအဆင့်မှ မြို့နယ်ခွဲအဆင့် ရရှိထားကာ စစ်ကောင်စီတပ်အထိုင်ချထားပြီး အဆိုပါမြို့နယ်ခွဲကို သိမ်းနိုင်ပါက ဆီဆိုင်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်မည်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

"ဆီဆိုင်နယ်ကို ထိန်းချုပ်ဖို့နဲ့ အခြေချနေထိုင်ဖို့ သူတို့စီစဉ်ဆောင်ရွက်မယ်ပဲ ယူဆတယ်။ ဘန်းယဉ်အကျော်မှာ ဟိုပုံးနယ်စပ် ‌နောင်မွန်ပဲရှိတော့ အဲဒီနောင်မွန်မှာ အထိုင်စခန်းမရှိဘူး။"ဟုဒေသခံတစ်ဦးက Tachileik News Agencyကို ထပ်မံခန့်မှန်းပြောဆိုသည်။

လက်ရှိတွင် PNLAတပ်များသည် ဆီဆိုင်-ဆိုက်ခေါင်-ဘန်းယဉ်-နောင်မွန် စသည့် ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ရေးဖော်ဆောင်နေကာ ရွာများသို့ ဝင်ရောက်ခြင်းမရှိဟုလည်း ဒေသခံများက ဆိုသည်။

"အခုက စစ်ကောင်စီတပ်ရဲ့ ကင်းထောက်‌လေယာဉ်တွေဝဲတယ်။ လေယာဉ်ပစ်ကူလာပစ်တယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

မြို့ပေါ်ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများနှင့် ရဲစခန်းကို PNLAတပ်များက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းတွင် ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဆီဆိုင်မြို့ မြကန်သာရပ်ကွက်တွင် အိမ်နှစ်လုံး၊ ဟိုခဲရပ်ကွက်ဘုန်းကြီးကျောင်း၊ RCကျောင်းနှစ်ကျောင်း၊ စက်သုံးဆီဆိုင်များနှင့် စာသင်ကျောင်းများ မီးလောင်ပျက်စီးသွားသည်။

စစ်ကောင်စီလော်ဘီများကမူ ဆီဆိုင်မြို့ အကက ရိပ်သာ၏ အနောက်ဘက်တစ်ကြော၊ ခမရ(၄၂၄)ဝန်းကျင်၊ ဘုရားဖြူ(အထက)၊ လဝကရုံး၊ မီးသတ်ရုံး၊ မွေတော်ဘုရား(မြကန်သာရပ်ကွက်)၊ ရိပ်သာတောင်ဘက်၊ အရာရှိရိပ်သာနှင့် သစ်တောတစ်ကြောတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ရေးသားထားကြသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားများနေထိုင်ရာ ရပ်ကွက်များအတွင်းသို့ကျရောက်ကာ အရပ်သားတချို့ ထိမှန်သေဆုံးခြင်းများရှိသည်ဟု သိရသည်။

#TachileikNewsAgency