တပ်ဖွဲ့ဝင်တစ်ဦး စစ်ကောင်စီတပ်နှင့်ပူးပေါင်းသွားသဖြင့် စခန်းများပြောင်းရွှေ့ကြရန် မြိုင်ပကဖ အရေးပေါ်သတိပေး

တပ်ဖွဲ့ဝင်တစ်ဦး စစ်ကောင်စီတပ်နှင့်ပူးပေါင်းသွားသဖြင့် စခန်းများပြောင်းရွှေ့ကြရန် မြိုင်ပကဖ အရေးပေါ်သတိပေး

မကွေးတိုင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး စစ်ကောင်စီတပ်နှင့် ပူးပေါင်းသွားသဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏စခန်းများ နေရာပြောင်းရွှေ့ကြရန် မြိုင်ပကဖက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၂)ရက်နေ့တွင် အရေးပေါ်သတင်းထုတ်ပြန်သည်။



အဆိုပါ မြိုင်ပကဖမှ တပ်သား တက်တူးဆိုသူသည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ(၁၅)ရက်နေ့က မြိုင်ပကဖ တပ်ရင်းမှူး၏ M 16 သေနတ်အားခိုးယူကာ စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



“သူက ကျွန်တော်တို့ တပ်ဖွဲ့ကို လူမှုရေးဆိုင်ရာ ရင်းနှီးမှုတွေနဲ့ ဝင်လာတယ်။ အဲဒီကနေတဆင့် အထက်ခေါင်းဆောင်တွေ မြို့နယ်ပကဖ ဒုတာဝန်ခံဆီကို ပြေးကပ်တယ်ဗျ။ မြို့နယ်ပကဖ ဒုတာဝန်ခံဆီကနေ ယုံကြည်မှုကိုရအောင်လုပ်တယ်။ ယူပြီးတော့ တစ်နှစ်ခွဲကျော်လောက်မှာ မြို့နယ်ပကဖ ဒုတာဝန်ခံကို ကပ်ရင်းကနေ အကုန်လုံး ကန့်တော်တော်များကိုလည်းသူသိတယ်။ စခန်းတော်တော်များကိုလည်း သူသိတယ်။ ကျွန်တော်တို့ လျှို့ဝှက်အစည်းအဝေးလုပ်တာတွေကအစ သူသိတယ်ဗျ။”ဟု မြိုင်ပကဖ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက Tachileik News Agencyကိုပြောသည်။



၎င်းသည် ပခုက္ကူခရိုင်အတွင်းရှိ အရေးကြီးကန့်စခန်းများဖြစ်သည့် ပကဖ တာဝန်ခံ၊ ဒုတာဝန်ခံနေထိုင်သော ကျေးရွာများအပြင် မြို့နယ်အတွင်းနှင့် အခြားထိစပ် မြို့နယ်များမှ တော်လှန်ရေးအဖွဲ့များ၏ စခန်းတည်ရှိရာနေရာများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ထံ သတင်းပေးနိုင်သဖြင့် ပြောင်းရွှေ့ကြရန် လိုအပ်ကြောင်း မြိုင်ပကဖက အရေးပေါ်ထုတ်ပြန်ထားသည်။



ထို့အပြင် ၎င်းသည် မြိုင်နှင့် ပခုက္ကူမြို့နယ်များရှိ ကျေးရွာများတွင် သွားလာနေသူဖြစ်သဖြင့် ၎င်းကြောင့် ကျေးရွာနေပြည်သူများ ထိခိုက်ဆုံးရှုံးမှုများမရှိစေရန်၊ လေကြောင်းရန်ကာကွယ်နိုင်ရန် ကျေးရွာများအတွင်း နေထိုင်ခြင်းမပြုဘဲ ကျန်ရှိသော မိသားစုများအား ရွှေ့ပြောင်းနေထိုင်ကြရန် သတိပေးထားသည်။



“တက်တူးစစ်ကောင်စီနဲ့ပူးပေါင်းသွားတာကြောင့် စခန်းအားလုံးကို နေရာရွှေ့ပြောင်းပေးဖို့နဲ့ သိုသိုသိပ်သိပ်နဲ့ တခြားဟာတွေကို လုပ်ပေးဖို့ပေါ့။ သူအဲဒီလိုလုပ်သွားတော့ သူနေခဲ့တဲ့ရပ်ရွာမှာ ကျန်ရှိနေတဲ့ပြည်သူတွေ ထောင်ချီပြီးဒုက္ခရောက်ရပါတယ်။ သူနေခဲ့တဲ့ရွာက ပြည်သူ့ဆန်ကိုစားပြီး ဒီလောက်အထိ ဒုက္ခပေးသွားလိမ့်မယ်လို့လည်း ကျွန်တော်တို့လည်း မထင်ခဲ့ဘူးဗျ။”ဟု ၎င်းကဆက်ပြောသည်။



တက်တူး(ခ)ဘထက်(ခ)ထက်ဝေယံသည် ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက်တွင် နေသူဖြစ်ပြီး ပခုက္ကူမြို့မှ မြိုင်မြို့နယ်အခြေစိုက် ပ.က.ဖ အဖွဲ့ထံ တော်လှန်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၎င်းလည်းပါဝင်လာခဲ့ပြီးနောက် တစ်နှစ်နှင့်ရှစ်လ အကြာတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



#TachileikNewsAgency