ငါန်းဇွန်မြို့နယ်တွင် နာရေးကားအသုံးပြုသည့် စစ်ကောင်စီတပ် ပဒေသာမိုင်းမိကာ ဒဏ်ရာရသူများ

ငါန်းဇွန်မြို့နယ်တွင် နာရေးကားအသုံးပြုသည့် စစ်ကောင်စီတပ် ပဒေသာမိုင်းမိကာ ဒဏ်ရာရသူများ

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ညောင်ပင်ရိုးရွာမှ သားကျင်ရွာသို့ လာသည့်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီးပျက်စီးသွားကြောင်း မြောင်မြို့နယ် T.G.Rပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။

ညောင်ပင်ရိုးရွာတွင် အင်အား(၄၀)ဖြင့် ယာယီတပ်စွဲနေသော စစ်ကောင်စီတပ်များသည် ညောင်ပင်ရိုးရွာမှ သားကျင်ရွာသို့လာစဉ် ၎င်းတို့စီးလာသော ယာဥ်နှစ်စီးအား ပဒေသာမိုင်း (၈)လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ထွေလာဂျီတစ်စီးနှင့် နာရေးကားတစ်စီး ပျက်စီးသွားခဲ့ပြီး မောင်းမရသဖြင့် ထားခဲ့ကြောင်း သိရသည်။

မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပတ်ဝန်းကျင်သို့ ပစ်ခတ်ခဲ့ပြီးနောက် မိုင်းခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားများကို သယ်ယူကာ သားကျင်ရွာသို့ ဆက်လက်ထွက်ခွာသွားသည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို  မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ G.R People Defense Force၊ Black Eagle Defense Force(MMU)

၊ ငါန်းဇွန် ပ.က.ဖ (Ngazon People Defense Force)နှင့် ငါန်းဇွန်ပကဖ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo:မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့