ရခိုင်ရေဘေးသင့်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း AA အကူအညီတောင်း

ရခိုင်ရေဘေးသင့်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း AA အကူအညီတောင်း

ရခိုင်ပြည်နယ်ရှိ ရေဘေး၊ လေဘေးသင့်ပြည်သူများကို လတ်တလောအရေးတကြီးလိုနေသည့် အရေးပေါ်အကူအညီအများ အမြန်ဆုံးကူညီပေးကြရန် နိုင်ငံတကာအဖွဲ့အစည်းများကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၄)ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်သင့်ပြီးနောက် ပြီးခဲ့သည့် ဇူလိုင်လ(၃၁)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊ ရေလျှံခြင်းများကြောင့် ရခိုင်ပြည်သူများသည် ဆန်၊ ဆီ၊ ဆား၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးလုပ်ငန်းများ၊ မျိုးစပါးများ၊ လယ်ယာသုံးနှင့် ရေလုပ်ငန်းသုံးပစ္စည်းများ၊ စားနပ်ရိက္ခာ၊ ဆေးဝါးများကို အရေးတကြီးလိုအပ်နေခြင်းဖြစ်သည်ဟု သိရသည်။

ဇူလိုင်လ (၃၁)ရက်နေ့မှ ဩဂုတ်လ(၁၀)ရက်နေ့အထိ မြစ်၊ ချောင်းများမှ ရေကြီးရေလျှံဖြစ်ခြင်းကြောင့် ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲမြို့နယ်တို့တွင် ကျေးရွာများ ရေလွှမ်းမိုးခံခဲ့ရခြင်းဖြစ်ကာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ကူညီပေးနေသည့် ကမ္ဘာ့နိုင်ငံကြီးများ၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အရေးပေါ်အကူအညီပေးရန် AAက အကူအညီတောင်းခံထားခြင်းဖြစ်ကြောင်း သိရသည်။

ရေလွှမ်းမိုးခံရသဖြင့် ကမ်းပါးပြိုခြင်း၊ နေအိမ်၊ အဆောက်အဦး၊ ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အဦးများ ရေနစ်မြှုပ်ခြင်း၊ ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဆိတ်အစရှိသည့် တိရစ္ဆာန်များ သေဆုံးခြင်း၊ စပါးစိုက်ခင်း၊ ပျိုးခင်းများပျက်စီးခြင်း၊ ပုစွန်ကုန်၊ ငါးကန်များပျက်စီးခြင်း၊ တာ၊ တမံများ၊ ရေတွင်း၊ ရေကန်များ ဆားငန်ရေဝင်ခြင်း၊ တံတားကျိုးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းနှင့် လူ(၄)ဦး သေဆုံးခြင်းများ ဖြစ်ပေါခဲ့သည်ဟု သိရသည်။

AA တပ်ဖွဲ့များက မြစ်၊ ချောင်းရေများစတင်မြင့်တက်လာချိန်တွင် အရေးပေါ်ချက်ချင်းပြောင်းရွှေ့ပေးရန်လိုအပ်သည့် နေရာများမှ ပြည်သူများကို ချက်ချင်းပြောင်းရွှေ့ပေးခြင်း၊ ကြိုတင်ကာကွယ်တားဆီးခြင်း၊  အရပ်ဘက်နှင့် လူမှုအဖွဲ့အစည်းများနှင့် လက်တွဲ၍ လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် လူအသေအပျောက်အနည်းဆုံးဖြစ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ရေကြီး၊ ရေလျှံခြင်းကြောင့် ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာ(၉)ရွာမှ အိမ်ခြေ(၃၆၉)အိမ်၊ ရသေ့တောင်မြို့နယ်တွင် ကျေးရွာ(၅)ရွာမှ အိမ်ခြေ(၁၁)အိမ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျေး ရွာ(၃၂)ရွာမှ အိမ်ခြေ(၄၃၈)အိမ်၊ ကျောက်တော်မြို့နယ်တွင် ကျေးရွာ(၁၂၈)ရွာမှ အိမ်ခြေ(၁၀,၇၈၉)အိမ်၊ မင်းပြားမြို့နယ်တွင် ကျေးရွာပေါင်း(၁၂၉)ရွာမှာ အိမ်ခြေ(၁၃,၉၂၂)အိမ်၊ မြောက်ဦးမြို့နယ်တွင် ကျေးရွာ(၈၆)ရွာမှ အိမ်ခြေ(၂,၄၉၆)အိမ်၊ တောင်ကုတ်မြို့နယ်တွင် ကျေးရွာ(၁)ရွာမှ အိမ်ခြေ(၄၇)အိမ် ရေလွှမ်းမိုးခံခဲ့ရသည်ဟု သိရသည်။ 

စစ်ကောင်စီသည် လက်ရှိအချိန်အထိ မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်ကို နိုင်ငံတကာကူညီရေးအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ကူညီခွင့်ကို ပိတ်ပင်ထားဆဲဖြစ်သည်။

#TachileikNewsAgency