ဒီးမော့ဆိုမြို့နယ်အတွင်း (၆)မိုင် စံပြကျေးရွာအနီး တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၆)ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိသူ များပြား

Photo: Karenni Nationalities Defense Force KNDF B09
Photo: Karenni Nationalities Defense Force KNDF B09
ဒီးမော့ဆိုမြို့နယ်အတွင်း (၆)မိုင် စံပြကျေးရွာအနီး တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၆)ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိသူ များပြား
ဇန်နဝါရီ 20, 2023 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း (၆)မိုင်စံပြကျေးရွာအနီးတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၆)ဦးထက် မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း KNDF BO - 9 က သတင်းထုတ်ပြန်ထားသည်။ 

၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့မှ (၁၅) ရက်နေ့အထိ (၆) မိုင်စံပြကျေးရွာ လမ်းမကြီး တစ်ကျော၊ ဘုရားကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ နှင့် KNDF B (09) တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ခမရ (၄၂၇)တပ်၏ ကင်းပုန်းများအား အလစ်အငိုက် တိုက်ခိုက်ခြင်းများကိုပါ တစ်ဆက်တည်း လုပ်ဆောင်ခဲ့သည့် အတွက် အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးအထက် မနည်း သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဇန်နဝါရီလ (၁၂)ရက်နေ့၏  ညနေ (၃)နာရီအချိန်ကလည်း (၆)မိုင်‌ကျေးရွာ နှင့် ဘက်သလိန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီမှ ခြေကုတ်ယူထားနေရာများနှင့် ခမရ (၄၂၇)တပ် ကင်းပုန်းတို့အား အလစ်အငိုက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှု များရှိနိုင်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်းသုံးကြောင်းဖြင့် ဒီးမော့ဆိုမြို့နယ် ၊ (၆)မိုင်စံပြကျေးရွာရှိ (၆) မိုင် ဘုရားကျောင်း နှင့် လမ်းမကြီးတစ်ကျောရှိ နေရာ (၃)ခုထက် မနည်းတွင် ဇန်နဝါရီလ (၁၁) ရက်နေ့ နံနက်ပိုင်းမှစ၍ ဝင်ရောက်တပ်စွဲခဲ့သည့်အတွက် တိုက်ပွဲများ ဆက်တိုက် ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

ထိတွေ့မှုများအပြီး ညပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များဖက်က ဒီးမော့ဆိုအရှေ့ဖက်ခြမ်းသို့  လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေထိုင်ရာ ကျေးရွာတစ်ရွာရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံအဆောက်အအုံတို့ ထိခိုက်ပျက်ဆီးခဲ့သလို နေအိမ် တစ်လုံးမီးလောင်ပျက်ဆီးခဲ့သည်ဟု KNDFက ဆိုသည်။

ထို့အတူ ဇန်နဝါရီလ (၁၀) ရက်နေ့ကလည်း (၆)ကျေးရွာ တောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အား အလစ်အငိုက် တိုက်ခိုက်ခဲ့ရာတွင်လည်း စစ်ကောင်စီတပ်ဘက်က  တစ်ဦး သေဆုံးခဲ့သည်ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 ဒီးမော့ဆိုမြို့နှင့် (၆)မိုင်စံပြကျေးရွာ အကြား လမ်းမကြီးတစ်ကျော ၊ ဘုရားကျောင်းတို့တွင် လက်ရှိအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များမှာ ခြေကုပ်ယူကာ တပ်စွဲလှုပ်ရှားလျှက်ရှိသည့်အတွက် KNDF B (09) မှ ခုခံတိုက်ခိုက်လျှက်ရှိသည်ဟု သိရသည်။