ပြည်ပရောက် မြန်မာအလုပ်သမားများ၏လစာကို ဖြတ်တောက်သည့် အေဂျင်စီများကို အရေးယူမည်ဟု NUG ထုတ်ပြန်

ပြည်ပရောက် မြန်မာအလုပ်သမားများ၏လစာကို ဖြတ်တောက်သည့် အေဂျင်စီများကို အရေးယူမည်ဟု NUG ထုတ်ပြန်
စက်တင်ဘာ 8, 2023 | 2021 Military Coup| အခြားဒေသများ

ပြည်ပရောက်မြန်မာအလုပ်သမားများ အနေဖြင့် ငွေကြေးလွှဲပြောင်းမှုများကို စစ်ကောင်စီလက်အောက်ခံဘဏ်များ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ပုဂ္ဂလိကဘဏ်များနှင့် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် လွှဲပြောင်းမှုများ မပြုလုပ်ရန် NUG အလုပ်သမားဝန်ကြီးဌာနက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လှုပ်ရှားမှုများတွင် ပြည်ပရောက်မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ၏ ပူးပေါင်းပါဝင်မှုသည် အရေးပါသဖြင့် စစ်ကောင်စီသည် အလုပ်သမားများအား မတရားအာဏာပြ ဖိနှိပ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု NUG အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် အလုပ်သမားများ၏ သမ္မာအာဇီဝ ချွေးနည်းစာကို အဓမ္မခေါင်းပုံဖြတ်ပြီး ပြည်သူများအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေသည့် အကြမ်းဖက်လုပ်ရပ်များအတွက် လိုအပ်သော လက်နက်ခဲယမ်းနှင့် ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်သည့် စစ်လေယာဉ်ဆီဝယ်ယူရာတွင် အသုံးပြုရန် အဓိကရည်ရွယ်နေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ 

 

အဆိုပါ လုပ်ဆောင်မှုသည် တည်ဆဲဥပဒေဖြစ်သည့် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနှင့် ညီညွတ်မှုမရှိသည့်အပြင် ဥပဒေကို ကျော်လွန်ကာ အေဂျင်စီများနှင့် အလုပ်သမားများအပေါ် ဥပဒေမဲ့ ဖိနှိပ်အကျပ်ကိုင်ခြင်းဖြစ်သည့်အတွက် ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် မလိုအပ်ကြောင်းနှင့် အလုပ်သမားများကို အတင်းအကျပ်ဖိအားပေးလိုက်နာစေခြင်း၊ လုပ်ခလစာမှ ဖြတ်တောက်ခြင်းများ လုံးဝမပြုလုပ်ရန်လည်း သတိပေးထားသည်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ခလစာမှ ဖြတ်တောက်၍သော်လည်းကောင်း၊ အခြားတနည်းနည်းဖြင့်သော်လည်းကောင်း ဖိအားပေးလွှဲပို့ရန် လုပ်ဆောင်သည့် မည်သည့် အေဂျင်စီ သို့မဟုတ် ပုဂ္ဂိုလ်ကိုမဆို NUGက ပြင်းထန်စွာ အရေးယူမည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လ (၃၀)ရက်နေ့က ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေအဖြစ် အခြေခံလစာ၏ အနည်းဆုံး(၂၅)ရာခိုင်နှုန်းကို လစဉ် သို့မဟုတ် သုံးလလျှင်တစ်ကြိမ် ၎င်းတို့ သတ်မှတ်ထားသော ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် လွှဲပို့ကြရန် ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများအား ဖိအားပေးညွှန်ကြားခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency