စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ထီးချိုင့်မြို့တွင် နေအိမ်ရာချီပျက်စီး

စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ထီးချိုင့်မြို့တွင် နေအိမ်ရာချီပျက်စီး
ဇန်နဝါရီ 16, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် နေအိမ်ရာချီ ပျက်စီးသွားပြီး ဒေသခံများလည်း မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

ထီးချိုင့်မြို့ရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက (၃)လဝန်းကျင်ကြာ တိုက်ခိုက်ရာ မြို့ကို မသိမ်းနိုင်ဘဲ စစ်ကြောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် နေအိမ်များရာချီ ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။

"တိုက်ရ နည်းနည်းခက်တယ်။ အခုတော့ မြို့ထဲဘယ်သူမှမရှိတော့ဘူး။ ထီးချိုင့်မြို့မှာ စစ်ကောင်စီတပ်တွေ နည်းနည်းလောက်ပဲရှိတော့တာ။ သူတို့လည်း အပြင်မထွက်ဘူး။ ထီးချိုင့်ကို တကောင်း၊ မန္တလေးဘက်က စစ်ကူလာတဲ့ တပ်တွေဘဲရှိတယ်။ လေယာဉ်နဲ့ နေ့တိုင်းလာကြဲတယ်။ မြို့ထဲက ဘုရားကုန်းတွေမှာ သူတို့တပ်စွဲထားတာ။ အခုက အိမ်ကြီးအိမ်ကောင်း‌တွေ တော်တော်များများ ပျက်စီးသွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထီးချိုင့်မြို့ဒေသခံများမှာ ကြံခင်း၊ ကျွန်းတောနှင့် စိုက်ပျိုးရေးခြံများတွင် တိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: Tigyaing Revolution -TR