တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းလိုက်သည့် ဗျူဟာမှူးနှင့် တပ်ရင်းမှူး တို့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ထုတ်ပယ်

တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းလိုက်သည့် ဗျူဟာမှူးနှင့် တပ်ရင်းမှူး တို့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ထုတ်ပယ်

 NCA လက်မှတ်ထိုး KNU/KNLA(PC)ငြိမ်းချမ်းရေးကောင်စီက တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းလိုက်သည့် ဗျူဟာမှူး နှင့် တပ်ရင်းမှူးတို့ကို ထုတ်ပယ်လိုက်ကြောင်း KNU/KNLA(PC)က ၂၀၂၃ခုနှစ်၊ ဧပြီလ(၇)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

KNU/KNLA(PC)ငြိမ်းချမ်းရေးကောင်စီ၏ ထုတ်ပြန်ချက်





မြေပြင်တော်လှန်ရေးအင်အားစုနှင့် ပူးပေါင်းခဲ့သော ဗျူဟာမှူး စောလက်ကိုင် နှင့် တပ်ရင်းမှူး စောကျော်ဂရောင်းတို့ကို "အဖွဲ့အစည်းဝင်အဖြစ်မှ လည်းကောင်း၊ တပ်မတော်တွင်းမှ လည်းကောင်း ထုတ်ပယ်လိုက်သည်"ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

မြေပြင်ပူးပေါင်းစစ်ကြောင်းများ၏ အသိပေးမေတ္တာရပ်ခံချက်





ခရီးသွားပြည်သူများ ဘေးကင်းရေးအတွက် ကရင်ပြည်နယ်အတွင်း မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးပေါ် ၂၀၂၃ခုနှစ် ဧပြီလ(၂၁)ရက်နေ့အထိ လုံးဝ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် မြေပြင်ပူးပေါင်းစစ်ကြောင်းများက အသိပေးမေတ္တာရပ်ခံချက်တစ်စောင်ကို ဧပြီလ(၇)ရက်နေ့တွင် ထုတ်ပြန်ထားသည်။





ယင်းထုတ်ပြန်ချက်တွင် KNU/KNLA(PC)မှ ဗျူဟာမှူးနှင့် တပ်ရင်းမှူးတို့လည်း ပါဝင်လက်မှတ်ထိုးထားခြင်းဖြစ်ပြီး မကြာမီတွင် ယခုလို ထုတ်ပယ်ကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။



အာရှလမ်းမကြီးတလျှောက်တွင် ၂၀၂၃ခုနှစ် မတ်လ(၂၅)ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားနေ၍ မြေပြင်ပူးပေါင်းစစ်ကြောင်းများက ခရီးသွားပြည်သူများ ဘေးကင်းရေးအတွက် ယခုလို အသိပေး ထုတ်ပြန်ထားသော်လည်း အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူများဘေးကင်းရေးအတွက် တစ်စုံတစ်ရာမျှ ထုတ်ပြန်အသိပေးထားခြင်းမရှိချေ။



အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်ကားများမသုံးတော့ဘဲ အရပ်သားပြည်သူများသဖွယ် ဟန်ဆောင်ပြီး အိမ်စီးကားများကို အသုံးပြုပြီး လက်နက်ခဲယမ်း နှင့် စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်နေကြောင်း သိရသည်။