စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ပေါ်ပေါက်ရေး UWSPနှင့် လက်တွဲလိုကြောင်း NUG သဝဏ်လွှာပို့

စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ပေါ်ပေါက်ရေး UWSPနှင့် လက်တွဲလိုကြောင်း NUG သဝဏ်လွှာပို့
ဒီဇင်ဘာ 20, 2023 | 2021 Military Coup| ရှမ်းမြောက်

စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ပေါ်ပေါက်လာရေးအတွက် လက်တွဲညီညီ လုပ်ကိုင်ဆောင်ရွက်လိုကြောင်း UWSPကို NUGက သဝဏ်လွှာပေးပို့လိုက်ကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့တွင်ကျရောက်သည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)တည်ထောင်ခြင်း(၃၅)နှစ်ပြည့်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က  သဝဏ်လွှာပေးပို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သဝဏ်လွှာတွင် ယနေ့ကျရောက်သော ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း (၃၅)နှစ်ပြည့်တွင် ဝလူမျိုးများနှင့်တကွ ဝဒေသအတွင်း စုစည်းညီညွတ်စွာနေထိုင်ကြသော လူမျိုးစုများအားလုံး ကိုယ်စိတ်နှလုံးသုံးပါး ကျန်းမာပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့‌သကြောင်း ပါရှိသည်။

ဝစာပေ၊ ယဥ်ကျေးမှု၊ အနုပညာနှင့် ရိုးရာဓလေ့ထုံးတမ်းစဥ်လာများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်နိုင်ပြီး ဒေသတွင်းရှိ လူမျိုးစုများကိုလည်း ကူညီစောင့်ရှောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းထားသည်။

ယနေ့အချိန်အခါသည် စစ်အာဏာရှင်စနစ်ကြောင့် မြန်မာတနိုင်ငံလုံး နှလုံးစိတ်ဝမ်း မအေးချမ်းသောကာလဖြစ်ပြီး တနိုင်ငံလုံးကို ဘေးဒုက္ခကြီးမားစွာဖြစ်စေပြီး ဖွံ့ဖြိုးမှုနောက်ကျစေသည့် စစ်အာဏာရှင်စနစ် ပြုတ်ကျစေရေးအတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့် တောင်ပေါ်၊ မြေပြန့် နိုင်ငံသားများအားလုံး လက်တွဲညီညွတ်စွာဖြင့် ခုခံတိုက်ပွဲဝင်နေသော ကာလဖြစ်သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၏ နိုင်ငံရေးရပ်တည်ချက်များကို လေးစားအသိမှတ်ပြုပါကြောင်းနှင့် စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ပေါ်ပေါက်လာရေးအတွက် လက်တွဲညီညီ လုပ်ကိုင်ဆောင်ရွက်လိုကြောင်းလည်း ဖော်ပြထားသည်။

ယနေ့ ကျရောက်သော ဝပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ (၃၅)နှစ်မြောက် ပါတီတည်ထောင်ခြင်း အခမ်းအနားကို ဗဟိုဌာနချုပ် ပန်ခမ်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: WSTV