စကခ ၁၆ သိမ်းပိုက်ရာက သံချပ်ကာကား၊ လက်နက်ကြီးဂိုဒေါင်၊ လေယာဉ်ပစ်များနှင့် ဟောင်ဝှစ်ဇာများ သိမ်းဆည်းရရှိခဲ့

စကခ ၁၆ သိမ်းပိုက်ရာက သံချပ်ကာကား၊ လက်နက်ကြီးဂိုဒေါင်၊ လေယာဉ်ပစ်များနှင့် ဟောင်ဝှစ်ဇာများ သိမ်းဆည်းရရှိခဲ့
ဇန်နဝါရီ 8, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ရှိ စစ်ကောင်စီတပ်၏ စကခ(၁၆)ကို သိမ်းပိုက်ရာ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းတချို့အား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့တွင် ထုတ်ပြန်လာသည်။

အဆိုပါ တပ်စခန်းကို ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့်အတူ PLA၊ KNDFတို့က ဇန်နဝါရီလ (၁)ရက်နေ့ကစတင်ကာ နမ္မတူချောင်းတံတားထိပ်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကောင်းဟော်ရွာအတွင်း တပ်စွဲထားသော စစ်ကောင် စီတပ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ဇန်နဝါရီလ (၃)ရက်နေ့တွင် ကောင်းဟော်ရွာတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းနေ့တွင်ပင် ခလရ(၆၉)တပ်ကို တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ (၄)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ဂိုဒေါင်များလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

 

ဇန်နဝါရီလ (၄)ရက်နေ့တွင် စကခ(၁၆) ဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စကခ(၁၆) ဧရိယာတစ်ခုလုံး တွင်ရှိသော တပ်ရင်းများ၊ လက်နက်ကြီးကုန်းများ၊ လေယာဥ်ကွင်းများ၊ လက်နက်ဂိုဒေါင်များ၊ သံချပ်ကာကားများ၊ ပွိုင့်(5)လက်နက်များ၊ ဟောင်ဝစ်ဇာများနှင့် လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထို့နောက် ဇန်နဝါရီလ (၆)ရက်နေ့တွင် GEတပ်နှင့် ဆေးတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြသဖြင့် ဇန်နဝါရီလ (၇)ရက်နေ့တွင် စကခ(၁၆)တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ထွက်ပြေးစစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းရာ သိန္နီမြို့နှင့် (၁၅)မိုင်ဝန်းကျင်ဝေးသည့် မိုင်လီ၊ ပန်ဖက်တံတားအနီးအထိ တိုက်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

သိန္နီမြို့ရှိ ရေပူစစ်ဆေးရေးဂိတ်သိမ်းပိုက်မှု၊ ကောင်းဟော်ရွာသိမ်းပိုက်မှုနှင့် စကခ(၁၆)တစ်ခုလုံး သိမ်းပိုက်မှုသည် ရက်ပေါင်း (၇၂)ရက်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

#TachileikNewsAgency

Photo:PLA