ကလေးမြို့ စစ်ဆေးရုံတွင် တက်ကု‌နေရသည့် စစ်ကောင်စီတပ်သားများကို ဒေသကွပ်ကဲရေးမှူးသွားတွေ့

ကလေးမြို့ စစ်ဆေးရုံတွင် တက်ကု‌နေရသည့် စစ်ကောင်စီတပ်သားများကို ဒေသကွပ်ကဲရေးမှူးသွားတွေ့

စစ်ကိုင်းတိုင်း ကလေးမြို့ရှိ စစ်ဆေးရုံတွင် တက်ကုနေရသည့် ဒဏ်ရာရ တပ်သားများ၊ ပျူစောထီးများနှင့် ရဲများကို ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သန့်ဇင်ဦးက သွားရောက်ကြည့်ရှုသည်ဟု စစ်ကောင်စီဘက်က ယနေ့ ၂၀၂၃ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။



အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကလေးဒေသ၏ တိုက်ပွဲအခြေအနေများကို သိရှိရန် ကလေး PDF အား Tachileik News Agency က ဆက်သွယ်ထားဆဲဖြစ်ပါသည်။



စစ်တပ်အာဏာသိမ်းပြီးနောက် (၂)နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်း၌ တိုက်ပွဲပေါင်း(၁၁၀၀)ကျော်ဖြစ်ပွားခဲ့သည်ဟု Institute for Strategy and Policy-Myanmarက ဖော်ပြထားသည်။



ပြီးခဲ့သည့် ဇွန်လ(၁၂)ရက်နေ့ကလည် အာဏာသိမ်းစစ်ကောင်စီသည် တိုက်ပွဲများအတွင်း ဒဏ်ရာရသည့် တပ်သားများကို ချောင်းသာနှင့် ငပလီကမ်းခြေများသို့ အပန်းဖြေခရီး ပို့ဆောင်ပေး၍ စည်းရုံးခဲ့သေးသည်။



အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်များနှင့် (၂)နှစ်ကျော်ကြာ နိုင်ငံအနှံ့တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများသည် စစ်ပန်းလာသဖြင့် ထွက်ပြေးခြင်း၊ CDM ပြုလုပ်ခြင်း၊ တိုက်ပွဲအတွင်းသေဆုံးခြင်းများကြောင့် အင်အားချိနဲ့လာချိန်တွင် စစ်ကောင်စီသည် ၎င်းတို့၏ တပ်သားများကို စစ်တပ်မှ မထွက်သွားစေရန် ယင်းသို့ပြုလုပ်နေရခြင်းဖြစ်သည်ဟု CDMတပ်မတော်သားများက ပြောဆိုသည်။



အမေရိကန် ပြည်ထောင်စုငြိမ်းချမ်းရေးအင်စတီကျု(USIP)မှ ဧည့်သုတေသီ ကိုရဲမျိုးဟိန်းက မေလတွင် ထုတ်ပြန်သည့် သုတေသနစာတမ်းတွင် စစ်ကောင်စီတပ်သည် တပ်သားမလုံမလောက်သော အခြေအနေမှ အင်အားချိနဲ့သော အခြေအနေသို့ ရောက်နေသည်ဟု ဖော်ပြထားသည်။



စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက် တိုက်ပွဲအတွင်း သေဆုံးသူ(၁၃,၀၀၀)၊ဘက်ပြောင်းသူနှင့် ထွက်ပြေးသူ(၈,၀၀၀)ကျော်၊ စုစုပေါင်း အင်အား (၂၁,၀၀၀)ခန့် ဆုံးရှုံးထားကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။



#TachileikNewsAgency