ပုလဲမြို့နယ် ညောင်ကုန်းရွာတွင် စစ်ကောင်စီတပ်နှင့်တိုးကာ တော်လှန်ရေးရဲဘော် ၃ ဦး သတ်ခံရ

ပုလဲမြို့နယ် ညောင်ကုန်းရွာတွင် စစ်ကောင်စီတပ်နှင့်တိုးကာ တော်လှန်ရေးရဲဘော် ၃ ဦး သတ်ခံရ
စက်တင်ဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ညောင်ကုန်းရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့်တွေ့ပြီး တော်လှန်ရေးရဲဘော်(၃)ဦး ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့က ဖမ်းဆီးသတ်ဖြတ်ခံရကာ သေဆုံးသွားကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ပုလဲမြို့နယ် ညောင်ကုန်းရွာအတွင်းသို့ ယမန်နေ့ နံနက်(၅)နာရီက ပစ်ခတ်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ရွာအတွင်းတပ်စွဲခဲ့ပြီးနောက် ပြန်ထွက်သွားသည့် သတင်းရရှိသဖြင့် ဒေသခံများအား ရွာအတွင်းပြန်ဝင်နိုင်ရန် တော်လှန်ရေးရဲဘော်များက ရွာအတွင်းသို့ဝင်ရောက် နယ်မြေရှင်းလင်းပေးစဉ် စစ်ကောင်စီတပ်ဖွဲ့ကင်းပုန်းနှင့်တွေ့ကာ ဖမ်းဆီးအသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ညောင်ကုန်းရွာထဲကို ပုလဲမြို့နယ်ထဲကရောက်လာတဲ့ စစ်ကြောင်းဝင်လာတာပေါ့နော်။ ပြီးတော့ ပြန်ထွက်တဲ့ အရိပ်ယောင်တွေလည်း ရှိတဲ့အခါကျတော့ အနီးအနားမှာရှိတဲ့ ရဲဘော်တွေကိုကော၊ ပကဖ၊ ပအဖနဲ့ တခြားသော ပြည်သူတွေကောက ရပ်ရွာထဲ ပြည်သူတွေ ပြန်ဝင်လို့ရအောင်ဆိုပြီးတော့ ရှင်းလင်းရေးဝင်တာပေါ့။ အဲဒီအချိန်မှာ နောက်ထပ်ကင်းပုန်းနဲ့တွေ့ပြီးတော့ ဒီဖြစ်စဉ်ဖြစ်သွားတာပေါ့နော်။”ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က တော်လှန်ရေးရဲဘော်(၃)ဦးကို အပိုင်းပိုင်းဖြတ်ကာ သတ်သွားခြင်းဖြစ်ပြီး ကျားဘီလူးစစ်ကြောင်းဟုလည်း စာရေးသားခဲ့ကာ လက်ရှိတွင် ကျဆုံးရဲဘော်(၃)ဦး၏ အလောင်းများအား ကောက်ယူ၍ မီးရှို့သဂြိလ်လိုက်ပြီဟု ဆိုသည်။ 

“စစ်ကောင်စီတပ်ဖွဲ့တွေက ညောင်ကုန်းရွာထဲကို ဝင်တယ်။ ပြီးတော့ ညအိပ်မလိုလို ထွက်မလိုလိုနဲ့ နောက်ချန်ကင်းပုန်းနဲ့ တော်လှန်ရေးရဲဘော်တွေ ရှင်းလင်း‌ရေးအလုပ်မှာ တွေ့သွားတာပေါ့။ ရွာကိုတော့ မီးမရှို့သွားဘူး။ ဒေသခံတွေကတော့ စစ်ကြောင်းလွတ်တဲ့ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်။”ဟု ၎င်းကဆက်ပြောသည်။

အသတ်ခံရသည့် တော်လှန်ရေးရဲဘော်(၃)ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတစ်ဦးနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးတို့ဖြစ်သည်ဟု သိရသည်။

“မနေ့မနက်က ညောင်ကုန်းရွာကိုဝင်တာ။ ညနေပိုင်းကျ စစ်ကြောင်းထွက်ပြီဆိုပြီးဝင်တာကို အပစ်ခံရပြီး မိသွားတာပါ။ ကျားဘီလူးစစ်ကြောင်းလို့ ခေါင်းဖြတ်ခံရသူတစ်ဦးရဲ့နဖူးမှာ စာရေးသားသွားတယ်။”ဟု ပုလဲမြို့နယ်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။ 

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ စက်တင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းတွင် တဲကြီးရွာဖက်သို့ စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachileikNewsAgency