စစ်ကိုင်းတိုင်းဒေသအတွင်း ကျေးရွာများအထိ အာဏာသိမ်းစစ်တပ်က ဆီအကုန်ခံပြီး စစ်ရဟတ်ယာဉ်များဖြင့် ဝါဒဖြန့် စာရွက်များ ကြဲချ

Photo: CJ
Photo: CJ
စစ်ကိုင်းတိုင်းဒေသအတွင်း ကျေးရွာများအထိ အာဏာသိမ်းစစ်တပ်က ဆီအကုန်ခံပြီး စစ်ရဟတ်ယာဉ်များဖြင့် ဝါဒဖြန့် စာရွက်များ ကြဲချ
ဒီဇင်ဘာ 15, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တော်တော်များများ၏ ကျေးရွာများအထိ  အာဏာသိမ်းစစ်တပ်က ဆီအကုန်ခံပြီး စစ်ရဟတ်ယာဉ်အသုံးပြုပြီး ဝါဒဖြန့် လက်ကမ်းစာရွက်များကို ကြဲချခြင်းအဖြစ် ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့ နေ့လည်ပိုင်းက လုပ်ဆောင်သည်။ 

သူတို့က မိုင်းခဏခဏ အဆွဲခံရပြီး သေကြေပျက်ဆီးခံရလို့ ကုန်းလမ်းက မလာရဲတော့ဘူး၊ အခုလည်း ကမ္ဘာစစ်အတွင်း ကာလကလို ဝါဒဖြန့်စာရွက်တွေကို စစ်ခွေးရဲ့ ရဟတ်ယာဉ်တွေနဲ့ လာကြဲချတယ်၊ ကျွန်တော်တို့ ဒေသခံတွေကလည်း မြေပြင်အခြေအနေကို သိနေပါပြီ။ သူတို့ ဘယ်လိုပဲ ဝါဒဖြန့်ဖြန့် အယုံအကြည်မရှိပါဘူး

ဟု ဒီပဲယင်းဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဒီပဲယင်းမြို့နယ် အပါအဝင် တန့်ဆည်၊ ရေဦးအပြင် အခြားမြို့များ၏ ကျေးရွာအစွန်အဖျားများအထိ စာရွက်များ ကြဲချနေခြင်းဖြစ်ပြီး စာရွက်များမှာ လယ်ကွင်းများပေါ်တွင် ကျနေသည်ကို တွေ့ရကြောင်း သိရသည်။

စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေအထိ ထိုးစစ်ဆင်ပြီး ရိုက်နှက်ဖမ်းဆီးတာတွေအပြင် နေအိမ်မီးရှို့တာတွေကိုပါ အားမရလို့ ဆီကုန်ခံပြီး စာရွက်တွေ လာကြဲနေတယ်။ ဆီကုန်ပြီး စာရွက် ကုန်တာပဲ အဖတ်တင်လိမ့်မယ်။ ပြည်သူတွေက စိတ်နာပြီဆိုရင် ဘယ်လိုမှ မရတော့ဘူး။

ဟု ရေဦးမြို့နေ ဒေသခံတစ်ဦးကလည်း ပြောသည်။

စာရွက်များ ကျလာပုံ

အာဏာသိမ်းစစ်တပ်က ၎င်းတို့ မတရားဖမ်းဆီး နှိပ်စက်၍ စစ်ကြေားရေးတွင် သေဆုံးထားသူများနှင့် ဆန္ဒပြကာလအတွင်း ပစ်ခတ်သေဆုံးသွားသူ ပြည်သူများ၏ အရေအတွက်ကို ဖုံးကွယ်ထားပြီး ကျဆုံးသွားသည့် PDF စစ်သည်တော်များ၏ အလောင်းများ နှင့် ဖမ်းဆီးခံရသည့် ပုံများ၊ သိမ်းဆည်းရမိသည့် လက်နက်များအပြင် ဘာသာရေး မှိုင်းတိုက်သည့်အနေဖြင့် ဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရသည့်ပုံများကို အသားပေးကာ ရေးသားပြီး မြေပြင်နှင့်ဝေဟင်ကပါ ဖြန့်ဝေနေခြင်း ဖြစ်သည်။

ကြဲချထားသည့် ဝါဒဖြန့် စာရွက်များ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အာဏာသိမ်းစစ်တပ်သည် အင်အားများ ဖြည့်တင်းပြီး ကျေးရွာများအထိ လက်နက်အင်အား လူအင်အားဖြင့် ဝင်ရောက်ကာ PDF များဟု စွပ်စွဲပြီး ဖမ်းဆီး နှိပ်စက်ကာ ဝန်ခံခိုင်းခြင်း၊ PDF ၏ နေအိမ် နှင့် NLD ထောက်ခံသူ၏ နေအိမ်ဟု သတ်မှတ်ကာ ရှာဖွေသည့်အပြင် မီးရှို့ခြင်းများ ပြုလုပ်ပြီးနောက် ယင်းသို့ ပြုလုပ်မှုများကို အာဏာသိမ်းစစ်တပ်က PDF က လုပ်ဆောင်သည်ဟု ဝါဒဖြန့်မီဒီယာများတွင် ပြန်လည်တွေ့ရှိရကြောင်း ဒေသခံများထံက သိရသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့၏ လုပ်ဆောင်ချက်များ ကောင်းမွန်ကြောင်း နှင့် PDF နှင့် CRPH များမှာ အကြမ်းဖက်များဖြစ်ကြောင်းအဖြစ် ဝါဒဖြန့်နိုင်ရန်အတွက် ဘက်ပေါင်းစုံကနေ နည်းလမ်းများ အသုံးပြုနေလျက်ရှိကြောင်း သိရသည်။