စစ်အာဏာရှင်များကို အချက်(၄)ချက်ဖြင့် KNU ရာဇသံပေး

စစ်အာဏာရှင်များကို အချက်(၄)ချက်ဖြင့် KNU ရာဇသံပေး
ဇန်နဝါရီ 1, 2024 | 2021 Military Coup

အာဏာသိမ်း စစ်အာဏာရှင်များကို အချက်(၄)ချက်ဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)က ၂၀၂၄ခုနှစ်အတွင်း ရာဇသံပေးကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ပြောကြားသည့် နှစ်ကူးမိန့်ခွန်းတွင် ပြောဆိုသည်။

ယနေ့အချိန်တွင် စစ်အာဏာရှင်သည် ကံဆိုးမိုးမှောင်ကျပြီး မည်သည့်နေရာမှ ရပ်တည်၍မရအောင် အခြေအနေ ဆိုးရွားနေပြီဖြစ်သဖြင့် စစ်အာဏာရှင်များကို အချက်(၄)ချက်ထုတ်ပြန်ကာ ရာဇသံပေးခြင်းဖြစ်ကြောင်း သိရသည်။

“ဒီ(၄)ချက်ဟာ စစ်အာဏာရှင်တို့ရဲ့ ထွက်ပေါက်ဖြစ်သလို ဒါဟာကျွန်တော်တို့ရဲ့ ရာဇသံလည်းဖြစ်ပါတယ်။ ဒီအချက်ကို လိုက်နာသောအားဖြင့် စစ်အာဏာရှင်စနစ်ကိုင်ဆွဲထားတဲ့သူတွေအတွက် နိဂုံးကောင်းတစ်ခုကိုချုပ်နိုင်မှာဖြစ်သလို ကျွန်တော်တို့ ရှေ့ဆက်ချီတက်မယ့် ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်အတွက်လည်း လမ်းစကောင်းတစ်ခုအဖြစ် ကျွန်တော်တို့ မှတ်ယူလို့ရပါတယ်။”ဟု ပဒိုစောတောနီးက ပြောသည်။

အဆိုပါ အချက်များမှာ စစ်တပ်သည် နိုင်ငံရေးကစွန့်ခွာရမည်၊ စစ်တပ်ကို အသွင်းကူးပြောင်းပြီး ရွေးကောက်ခံရသည့် အရပ်သားပြည်သူလူထု၏ အုပ်ချုပ်မှုအောက်တွင် နေရမည်၊ စစ်တပ်မှ မတော်မတရားကျူးလွန်ခဲ့သည့် အမှုကြီး၊ အမှုငယ်အားလုံးကို တာဝန်ခံသည့်အနေဖြင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို လက်ခံရမည်နှင့် မည်သူတစ်ဦးတစ်ယောက်မျှ ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းကို ကင်းလွတ်ခွင့်ပေးနိုင်မည်မဟုတ်ဟု ရာဇဒဏ်ပေးထားခြင်းဖြစ်သည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ ဒီလိုကျူးလွန်ခဲ့သူတွေရဲ့ အသက်ရှင်ရပ်တည်ခွင့်နဲ့ မတော်မတရားရယူခဲ့တဲ့ ဥစ္စာပစ္စည်းတွေကို ပြည်သူအကျိုးအတွက် ဘယ်လိုစီမံခန့်ခွဲသွားမယ်ဆိုတာ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားရမယ့် အပိုင်းတွေရှိပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် ဖက်ဒရယ်ပြည်ထောင်စုသစ်ကို တည်ဆောက်ပါက လိုအပ်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုကို မလွဲမသွေ ရေးဆွဲရတော့မည်ဖြစ်သဖြင့် စစ်အာဏာရှင်များ လက်ခံရမည်ဖြစ်ကာ အာဏာရှင်စနစ်ကျဆုံးပြီးသည့်တိုင် နိုင်ငံရေးဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားရမည်ဟု ဆိုသည်။

“ဒီလိုနိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်သွားရတဲ့အခါမှာလည်း နိုင်ငံတကာပါဝင်မှုအခန်း အင်မတန်အရေးကြီးသလို ဒီလိုပါဝင်နိုင်ရေးအတွက်လည်း လက်ခံသွားရမယ်ဆိုတာ ကျွန်တော်ထပ်လောင်းပြီးတော့ ကတိပေးချင်ပါတယ်။"ဟု ၄င်းကဆက်ပြောသည်။

ရှေ့အနာဂါတ်ကာလတွင် မတူကွဲပြားသည့် အဖွဲ့များအားလုံး တစ်ညီတစ်ညွတ်တည်း စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းနိုင်ရေးအတွက် နိုင်ငံရေးခံယူချက်၊ နိုင်ငံရေးရပ်တည်ချက်နှင့် ဘုံသဘောထားများကို ၂၀၂၄ ခုနှစ်အတွင်း အပြီးသတ်လုပ်ဆောင်သွားရန်လိုသည်ဟုလည်း ဆိုသည်။

ပြည်သူ့တော်လှန်ရေးမှာ မပြီးဆုံးသေးဘဲ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ပြည်သူလူထုက တော်လှန်ရေးအဖွဲ့များနှင့် တသားတည်းရပ်တည်သွားကြရန်လည်း KNUက တိုက်တွန်းထားသည်။

#TachileikNewsAgency