ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီတပ်က မဲစနစ်ဖြင့် ဒေသခံများကို လက်နက်မကိုင်မနေရ အင်အားစုဆောင်းနေ

ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီတပ်က မဲစနစ်ဖြင့် ဒေသခံများကို လက်နက်မကိုင်မနေရ အင်အားစုဆောင်းနေ
နိုဝင်ဘာ 15, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်း မဲစနစ်ဖြင့် လက်နက်မကိုင်မနေရ အင်အားစုဆောင်းနေကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်၏ အဆိုပါလုပ်ရပ်အား ‌ဒေသခံများအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန်၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများတွင် ပါဝင်ခြင်းမပြုကြရန် တော်လှန်ရေးအင်အားစုများက တောင်းထားဆိုပြီး ပူးပေါင်းဆောင်ရွက်နေကြသည့် စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်များကို ထိရောက်စွာ အရေးယူသွားမည်ဟုလည်း ဆိုသည်။ 

ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာအုပ်စု၊ မွေ့ရှောင်ရွာအနီးသို့ အင်အား(၁၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၂)ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း စစ်ကြောင်း(၂)နှင့် တိုင်း ပကဖ လုံခြုံရေးတပ်ဖွဲ့၊ တိုင်းစစ်ဌာန၏ ဒရုန်းလက်ရုံးတပ်ဖွဲ့ (Dragon Squad)တို့မှ မောင်းသူမဲ့လေယာဉ်ဖြင့် ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း စစ်ကြောင်း(၂)သည် တနင်္သာရီမြို့နယ် ပကဖ၊ ကျွန်းစုမြို့နယ် ပကဖ၊ ပုလောမြို့နယ် ပကဖ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း(၂)၏ တပ်ခွဲ(၂)တို့ ပူးပေါင်းဖွဲ့စည်းထားသည့် စစ်ကြောင်းဖြစ်ပြီး မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။ 

တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်တို့တွင် စစ်ရေးအရှိန်တိုးမြှင့်သွားမည်ဖြစ်၍ ဒေသနေပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန်လည်း အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency