ကျောက်တော်မြို့ရှိ တောင်ရှည်တောင်ဗျူဟာကုန်းတစ်ခုလုံး AAထံ လက်နက်ချ

ကျောက်တော်မြို့ရှိ တောင်ရှည်တောင်ဗျူဟာကုန်းတစ်ခုလုံး AAထံ လက်နက်ချ
ဇန်နဝါရီ 7, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ တောင်ရှည်တောင်ဗျူဟာကုန်းကြီးတစ်ခုလုံးမှ တစ်ယောက်မကျန် ရက္ခိုင့်တပ်တော်(AA)ထံ ၁၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ရက်နေ့ ညပိုင်းက လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။

အဆိုပါနောက်ဆက်တွဲသတင်းကို မကြာမီထုတ်ပြန်မည်ဖြစ်ပြီး ရခိုင်ဒေသအတွင်း ရက္ခိုင့်တပ်တော်(AA)မှ လက်ရှိထိုးစစ်ဆင်နေသော ဗျူဟာကုန်းများမှ ခေါင်းဆောင်များအနေဖြင့် မိမိတို့၏စေတနာကိုနားလည်ပြီး စောလျင်စွာ ဆုံးဖြတ်ချက်ချ၍ လက်နက်ချအညံ့ခံရန် ထပ်မံသတိပေးသည်ဟု AAက ထုတ်ပြန်သည်။ 

တစ်ဝက်တစ်ပျက်ကျန်ရှိနေသေးသည့် ဗျူဟာကုန်းများအားလုံးကို အပြီးသတ်သိမ်းပိုက် ရယူရေးအတွက် ဆက်လက်ကြိုးပမ်းနေသည်ဟုလည်း ဆိုသည်။ 

ပေါက်တောမြို့တွင် စစ်ကောင်စီသည် ရေကြောင်းဖြင့် စစ်ကူအင်အားများ ထပ်မံဖြည့်တင်းလာသည့်အတွက် နှစ်ဘက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ပလက်ဝမြို့တွင်းရှိ အဓိကနှင့် အမာခံစခန်းကုန်းကြီးများဖြစ်သည့် စကခ(၉)၊  တပ်မ(၁၁) ရှေ့တန်းတပ်မဌာနချုပ်(၂)ခုအပါအဝင် ပလက်ဝ-ကျောက်‌‌တော်အစပ်ရှိ မီးဝဗျူဟာကုန်းများမှ ကျန်ရှိနေသေးသည့် စခန်းများအား အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA)မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

လက်ရှိတွင် လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်သား အရေအတွက်မှာ (၃၀၀၀)မှ (၄၀၀၀)နီးပါးအထိရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ (၅)ရက်နေ့တွင်လည်း ဒကစ(လောက်ကိုင်)တစ်ခုလုံး တစ်ယောက်မကျန် လက်နက်ချအညံ့ခံခဲ့သဖြင့် ကိုးကန့်ဒေသကို MNDAAက ထိန်းချုပ်နိုင်ခဲ့သည်။

#TachileikNewsAgency