ရေတာရှည်မြို့နယ် စည်ပိုင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ PDFတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွါသွားရ

ရေတာရှည်မြို့နယ် စည်ပိုင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ PDFတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွါသွားရ

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စည်ပိုင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ ပြည်သူ့ကာကွယ်ရေးတပ်များ၏ လာရောက်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက် ပြန်လည်ဆုတ်ခွာသွားကြောင်း ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ထံမှ သိရသည်။

စည်ပိုင်းကျေးရွာတွင် အင်အား(၁၅၀)ဝန်းကျင်ဖြင့် အထိုင်ချ တပ်စွဲထား‌‌သော စစ်ကောင်စီတပ်အတွင်းမှ စည်ပိုင်းကျေးရွာ အရှေ့သရက်တောတွင် ကင်းပုန်းလာ၀ပ်သော စစ်ကောင်စီတပ်သားအချို့အား ၂၀၂၃ ခုနှစ် ဇူလိုင်လ (၈)ရက်နေ့တွင် တော်လှန်ရေးအင်အားစုများက (၄၀)မမ လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇူလိုင်လ (၉)ရက်နေ့ နံနက်ပိုင်းတွင် ဇရစ်ရိုးကုန်းကျေးရွာသို့ ရှမ်းရွာလေးကျေးရွာ မြစ်ကမ်းပါးအတိုင်း အင်အား(၄၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာရာ တော်လှန်ရေးအင်အားစုများနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ရှမ်းစုကျေးရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။ 

ယင်းနေ့တွင်ပင် ရှမ်းစုကျေးရွာနှင့် စည်ပိုင်းကျေးရွာအတွင်း တပ်စွဲထားသော အင်အား(၁၅၀)ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်အား ‌ တော် လှန်ရေးအင်အားစုများက စစ်ကြောင်း(၃)ကြောင်းခွဲကာ လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများသည် စစ်တောင်းမြစ် အနောက်ခြမ်းသို့ ဆုတ်ခွါသွားသည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲများအား PDFတပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄/၆၊ ရေတာရှည်မြို့နယ် ပကဖ နှင့် အလယ်ပိုင်းတိုင်း နေပြည်တော်စစ်ဒေသခွဲ ရိုးမစစ်ကြောင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့စဥ် စစ်ကောင်စီတပ်၏ RPGကျည်ဖူး တစ်တောင့်၊ ၄၀ မမ ကျည် ၂လုံးနှင့် စစ်တပ်ယူနီဖောင်းများအား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : PDF