စစ်တပ်အာဏာသိမ်းပြီးနောက် ၂နှစ်ကျော်ကာလအတွင်း နေအိမ်အဆောက်အအုံ ရှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံရ

စစ်တပ်အာဏာသိမ်းပြီးနောက် ၂နှစ်ကျော်ကာလအတွင်း နေအိမ်အဆောက်အအုံ ရှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံရ

စစ်တပ်အာဏာသိမ်းပြီးနောက် (၂)နှစ်ကျော်ကာလအတွင်း ဘာသာရေး အဆောက်အအုံများ အပါအဝင် နေအိမ်အဆောက်အအုံ  စုစုပေါင်း (၈၁,၈၉၉)လုံးထက်မနည်း မီးရှို့ခံခဲ့ရပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ကြောင်း Institute for Strategy and Policy - Myanmar ၏ ဖော်ပြချက်အရ သိရသည်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၃ခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ မြို့နယ်(၁၀၆)ခုမှ နေအိမ် အဆောင်အအုံပေါင်း (၈၁,၈၉၉)လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ပမာဏထဲမှ (၃၀)ရာခိုင်နှုန်းနီးပါး (၂၄,၁၃၈)လုံးထက်မနည်းသည်  ၂၀၂၃ခုနှစ် (၆)လအတွင်း ဖြစ်ခဲ့ကာ နိုင်ငံအနှံ့ မီးရှို့ဖျက်ဆီးခံခဲ့ရမှု အားလုံး၏ (၇၂)ရာခိုင်နှုန်းကျော်(၉၉,၂၂၅)လုံးမှာ စစ်ကိုင်းတိုင်းရှိ ကျေးရွာများမှဖြစ်ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရမှု ဒုတိယ အများဆုံးဒေသမှာ မကွေးတိုင်းဖြစ်ပြီး နေအိမ်၊ အဆောက်အအုံ (၁၂,၅၅၀)လုံးထက်မနည်း မီးရှို့ခံခဲ့ရပြီး တတိယအများဆုံးမှာ ကရင်ပြည်နယ်ဖြစ်ကာ (၂,၁၆၁)လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။

နေအိမ်အဆောက်အအုံ ဖျက်ဆီးခံရမှုသည် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ အတွင်း ပြန်လည်မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း နေအိမ်အဆောက်အအုံ (၇,၉၈၃)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဆိုပါ ပမာဏအနက် (၅,၉၁၉)လုံးထက်မနည်းသည် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်(၉)ခုထက်မနည်းတွင် မီးရှို့ဖျက်ဆီးခံရသည်ဟု သိရသည်။

အာဏာသိမ်းပြီး (၂)နှစ်ပြည့်ပြီးနောက် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်(၄၇)ခုအနက် မြို့နယ် (၂၅)ခုတွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလမှ ဇွန်လအတွင်း နေအိမ်ပေါင်း(၁၀,၁၈၅)လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဆိုပါ ပမာဏအနက် (၉၂)ရာခိုင်နှုန်းသည် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်(၆)ခုမှ ဖြစ်သည်ဟု သိရသည်။

၂၀၂၂ခုနှစ် မေလအတွင်း နေအိမ်၊ အဆောက်အအုံ(၈,၃၅၄)လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းရှိ မြို့နယ်(၁၆)ခုနှင့် မကွေးတိုင်းရှိ မြို့နယ် (၃)ခုကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ နေအိမ်အဆောက်အအုံ (၈,၀၅၂)လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ 

၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းတွင် နေအိမ်၊ အဆောက်အအုံ (၁၀,၄၉၀၂)လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဆိုပါပမာဏ၏ ၈၀ ရာခိုင်နှုန်းသည် စစ်ကိုင်းတိုင်းအတွင်းမှဖြစ်ကာ စစ်ကိုင်းတိုင်းရှိ မြို့နယ်(၁၂)ခုထက်မနည်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကျေးရွာပေါင်း (၁၀၀)ကျော်ရှိ နေအိမ်၊ အဆောက်အအုံ (၉,၂၅၄)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency