ရက္ခိုင့်တပ်တော်က (၄၅)ရက်အတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းပေါင်း (၁၄၀)ကျော်ကို သိမ်းပိုက်ရရှိ

ရက္ခိုင့်တပ်တော်က (၄၅)ရက်အတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းပေါင်း (၁၄၀)ကျော်ကို သိမ်းပိုက်ရရှိ

 ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)မှ သိမ်းပိုက်ရယူလိုက်သော စစ်ကောင်စီ၏ စစ်စခန်း၊ ရဲစခန်း၊ စစ်ဘက် ရဲဘက် အတူနေသောစခန်းများနှင့် နယ် ခြားစောင့်တပ်စခန်း(၁၄၂)ခု ပြီဖြစ်ကြောင်း  ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် AA က သတင်းထုတ်ပြန်လာသည်။

၁၀၂၇ စစ်ဆင်ရေး စတင်သည့်  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ ရက်ပေါင်း (၄၅) ရက်အတွင်း စစ်ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့တို့၏ စခန်းပေါင်း (၁၄၂)ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရက်ပေါင်း (၄၅)ရက်အတွင်း သိမ်းပိုက်ရရှိထားသည့် စခန်းများတွင် စစ်တွေမြို့နယ်အတွင်းမှ အောင်ဒိုင်ချောင်းဝစခန်း၊ ပေါက်တောမြို့နယ်အတွင်းမှ ဆင်တက်မော် လုံထိန်းစခန်း အပါအဝင် စခန်း(၆)စခန်း၊ ကျောက်ဖြူမြို့နယ်အတွင်းမှ မြိုချောင်း ရဲစခန်း နှင့် ကျောက်ဖြူရေကြောင်း ရဲတပ်ဖွဲရုံး အပါအဝင် ရဲစခန်း (၇)ခု၊ ရမ်းဗြဲမြို့နယ်အတွင်းမှ  လေးတောင်နယ်မြေ ရဲစခန်း အပါအဝင် ရဲစခန်း (၄)ခုတို့ ပါဝင်သည်။

ယင်းအပြင် မြေပုံမြို့နယ်အတွင်းမှ ကမ်းထောင့်ကြီးမြို ရဲစခန်း အပါအဝင် စခန်း (၄)ခု၊ တောင်ကုတ်မြို့နယ်အတွင်းမှ ရွာမရဲစခန်း အပါအဝင် စခန်း(၂)ခု၊ သံတွဲမြို့နယ်အတွင်းမှ ကျောက်ကြီးနယ်မြေ ရဲစခန်း အပါအဝင် ရဲကင်းစခန်း (၃)ခု၊ အမ်းမြို့နယ်အတွင်းမှ ခမရ (၅၄၂) တပ်ရင်း၏ စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း (၃)ခု တို့ကိုလည်း သိမ်းပိုက်ခဲ့ကြသည်။

အလားတူ မောင်တောမြို့နယ်အတွင်းမှ နခခ လက်အောက်ခံ ကင်းစခန်း များအပါအဝင် စုစုပေါင်း (၆၂)စခန်း ဘူးသီးတောင်မြို့နယ်အတွင်းမှ အမှတ် (၂) ရပ်ကွက်ရဲစခန်း အပါအဝင် စခန်း (၆)ခု၊ ရသေ့တောင်မြို့နယ်အတွင်းမှ  ချိန်ခါလီစခန်း အပါအဝင် စခန်း(၄)စခန်း၊  ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း(၆)ခု၊ ပလက်ဝမြို့နယ်အတွင်းမှ  စစ်ကောင်စီတပ်စခန်း (၁၇)စခန်း၊ ကျောက်တော်မြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းနှင့်ရဲစခန်းများ အပါအဝင် စခန်း (၈)စခန်း၊ မြောက်ဦးမြို့နယ်အတွင်းမှ တိမ်ညိုကျေးရွာ ရဲစခန်း အပါအဝင် စခန်း(၃)ခု နှင့် မင်းပြားမြို့နယ်အတွင်းမှ ရဲစခန်း(၂)ခု အပါအဝင် စစ်ကောင်စီတပ်စခန်း (၅)ခုတို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။