လောက်ကိုင်တွင် ဓားပြတိုက်ပြီးထွက်ပြေးလာသည့် ပြည်သူ့စစ် ၆ ဦးကို MNDAA ဖမ်းဆီး

လောက်ကိုင်တွင် ဓားပြတိုက်ပြီးထွက်ပြေးလာသည့် ပြည်သူ့စစ် ၆ ဦးကို MNDAA ဖမ်းဆီး
ဒီဇင်ဘာ 10, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်‌ဒေသတွင်း သေနတ်ကိုင်ဆောင်ပြီး ဓားပြတိုက်နေသော ပြည်သူ့စစ်အဖွဲ့ဝင်(၆)ဦးကို ချင်းရွှေဟော်တွင် ဖမ်းဆီးရမိခဲ့ကြောင်း MNDAAထံမှ သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့ညပိုင်းတွင် လောက်ကိုင်မြို့တွင် ကားရောင်းဝယ်ရေးဆိုင်တစ်ဆိုင်ကို ပြည်သူ့စစ်အဖွဲ့ဝင်(၆)ဦးက သေနတ်ကိုင်ကာ ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ဆိုင်အတွင်းမှ FORD ကားတစ်စီးလုယူ၍ အလုပ်သမား(၃)ဦးကို ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ (၇)ရက်နေ့တွင် ၎င်းတို့(၆)ဦးသည် လုယူလာသော ကားဖြင့် ဒုက္ခသည်ယောင်ဆောင်ပြီး ချင်းရွှေဟော်နေရာမှ ထွက် ပြေးရန် ကြံရွယ်ခဲ့သော်လည်း စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ချိန် MNDAAက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးမေးမြန်းပြီးနောက် (၆)ဦးအနက် (၅)ဦးသည် ကိုးကန့်ရှင့်ထန်မှ ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်ပြီး ကျန်(၁)ဦးသည် တာရွှေထန်မှ ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်ကာ ၎င်းတို့(၆)ဦးထဲမှ ခေါင်းဆောင်သည် ယခင်က စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးဖြစ်ခဲ့ပြီး စစ်ပြေးမှုဖြင့် ထောင်ချထုတ်ပယ်ခံရသူဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency