ကျောက်မဲမြို့တွင် ယမန်နေ့က မြို့ထဲလျှောက်သွားနေကြသည့် လူအုပ်ကြီးမှ အချို့ကို Quarantine ပို့ထားပြီး အချို့မှာ ခရီးဆက်လက်ထွက်ခွာ

ကျောက်မဲမြို့တွင် ယမန်နေ့က မြို့ထဲလျှောက်သွားနေကြသည့် လူအုပ်ကြီးမှ အချို့ကို Quarantine ပို့ထားပြီး အချို့မှာ ခရီးဆက်လက်ထွက်ခွာ
ဇူလိုင် 14, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ယမန်နေ့က ခရီးသည်တင် Express ယာဉ်များဖြင့်ရောက်လာကြသူများမှာ ရခိုင်နှင့်အခြားဒေသများမှ ပြောင်းရွှေ့လာသော ရဲတပ်ဖွဲ့ဝင်များဖြစ်သည်ဟုသိရပြီး ယင်းတို့အနက်မှ အချို့မှာ အခြားမြို့များသို့ ဆက်လက်ခရီးဆက်သွားကြပြီဖြစ်ကြောင်း သိရသည်။



ခရီးသည်တင်ယာဉ် (၄) စီးဖြင့်ရောက်လာသည့် ရာနှင့်ချီသည့်လူအုပ်ကြီးက ရောက်ရောက်ချင်း မြို့တွင်းလှည့်ပတ်သွားနေကြ၍ ဒေသခံများစိုးရိမ်မှုများဖြစ်ခဲ့ကြရပြီးနောက် ယနေ့တွင် ကျောက်မဲတွင်ကျန်ခဲ့မည့်သူများအား အသွားအလာကန့်သတ်ခြင်းနှင့် အခြားမြို့များသို့သွားမည့်သူများ ဆက်လက်ထွက်ခွာသွားပြီဟု သိရသည်။

အဆိုပါလူအုပ်ကြီးမှာ ဖျက်သိမ်းထားသည့် (နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှု ) နစက ရဲတပ်ဖွဲ့ဝင်များဖြစ်ကြပြီး ဇူလိုင် ( ၁၄ ) ရက်နေ့ နံနက်မှစ၍ ကျောက်မဲမြို့တော်ခန်းမတွင် လူဦးရေ ( ၅၀ ) ဦး၊ မိုးလုံလေလုံခန်းမတွင် ( ၅၀ )ဦး၊ ဇူလိုင်လ ( ၁၂ ) ရက်နေ့က  အချုပ်သား ( ၁၄ ) ဦးတွင် COVID 19 ပိုးတွေ့ထားသည့် ကျောက်မဲမြို့မရဲစခန်းတွင် ( ၂၅ )ဦး၊ နောင်ပိန်ရဲစခန်းတွင်( ၅ )ဦးတို့ကို အသွားအလာကန့်သတ်ထားပြီး ကျန်အဖွဲ့က မူဆယ်မြို့ဖက်သို့ ခရီးဆက်သွားသည်ဟု သိရသည်။

မြို့နယ်အတွင်း ဇူလိုင်လ (၁၄) ရက်နေ့အထိ အတည်ပြုလူနာ (၁၁၉) ဦးတွေ့ထားပြီး ကျောက်မဲမြို့ပေါ်ရှိ ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံရှိ သားဖွားဆောင်တွင် ပိုးတွေ့သူများနှင့် ထိတွေ့သူများအားထားရှိသော စင်တာအဖြစ်လည်းကောင်း၊ နယ်ဝေးဒေသမှ ကျောက်မဲသို့ ဝင်ရောက်လာသူများမှ အမျိုးသားများကို လာဘမုနိ(တရုတ်ကျောင်း)တွင် လည်းကောင်း၊ အမျိုးသမီးများကို ကွန်ဖြူးရှပ်(တရုတ်ကျောင်း)တွင်လည်းကောင်း အသွားအလာကန့်သတ်ထားသည်ဟု သိရသည်။