ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာနှင့် အနီးဝန်းကျင်ရွာများကို (၃)ရက်ဆက်တိုက်မီးရှို့

ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာနှင့် အနီးဝန်းကျင်ရွာများကို (၃)ရက်ဆက်တိုက်မီးရှို့

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာနှင့် အနီးဝန်းကျင်ရွာများကို စစ်ကောင်စီတပ်က (၃)ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီးနေပြီး စစ်ရှောင်သက်ကြီးရွယ်အို(၂)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဇွန်လ(၉)ရက်နေ့က ညောင်ပင်ကြီးရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရဲစခန်းအနီးရှိ ထန်းတော၊ ရွာရှည်၊ သိမ်တော်ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်များမှ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

"စစ်ရှောင်ရင်း အသက်(၆၀)၊ (၇၀)အရွယ်‌ကျော်အရွယ် မျိုးသမီးနှစ်ဦး အမောဖောက်သေဆုံးသွားတယ်။ စစ်ကောင်စီတပ်တွေက ဒီနေ့(ဇွန် ၁၁ရက်) ညပိုင်းအထိ မီးရှို့ နေဆဲပဲ။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကို ပြောသည်။

ထို့အပြင် ဇွန်လ(၃)ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် သေမင်းတမန်ပြောက်ကျားအဖွဲ့ ခေါင်းဆောင်၊ မြို့နယ် ပအဖ အဖွဲ့ဝင် ကိုဗန့်ကျီ(ခ)မြတ်သူလင်း၏ အလောင်းကိုလည်း ယနေ့ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ထန်းတောရွာ သစ်ကွင်းအနီး၌ ပြန်လည်တွေ့ရှိခဲ့ရသည်ဟု သိရသည်။

"ညတုန်းက စစ်ကောင်စီတပ်သား တချို့ မုံရွာကိုပြန်သွားရင်းနဲ့ သတ်ထားခဲ့တာဖြစ်ပါတယ်။ ရင်ဘက်နဲ့ ဝမ်းဗိုက်မှာ ဓားနဲ့ထိုးထားတဲ့ဒဏ်ရာတွေနဲ့အတူ တစ်ကိုယ်လုံးနှိပ်စက်ခံထားရတဲ့ ဒဏ်ရာ‌တွေ တွေ့ရှိခဲ့ရပါတယ်။"ဟု ဒေသခံတစ်ဦးက ထပ်ပြောသည်။

ကိုဗန့်ကျီအလောင်းအား သွားကောက်သည့် ရဲဘော်(၂)ဦးမှာလည်း စစ်ကောင်စီတပ်သားများထောင်ထားသည့် နင်းမိုင်းကြောင့် ရဲဘော်တစ်ဦး၏ ခြေထောက် မိုင်းထိဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများသည် မုံရွာမှ ဘက်ဖိုးတစ်စီးကို မော်တော်ဖြင့်သယ်ဆောင်လာပြီး လမ်းများအား ဖျက်ဆီးပြီး နေအိမ်များကိုလည်း မီးဆက်ရှို့နေသည်ဟု သိရသည်။

ညနေပိုင်းတွင် အမျိုးသားအလောင်း တစ်လောင်းကို ထပ်မံတွေ့ရပြီး အလောင်းကောက်နိုင်ခြင်းမရှိသေးသည့်အပြင် မည်သူဖြစ်ကြောင်းကိုလည်း မသိရသေးဘဲ ကျေးရွာများ အတွင်း၌လည်း စစ်ကောင်စီတပ်များက နင်းမိုင်းများထောင်ထားသဖြင့် ဒေသခံများ ဂရုပြုသွားလာကြရန် အသိပေးထားသည်။

#TachileikNewsAgency

Photo : Aung Khant Zaw