ငါန်းဇွန်မြို့နယ် နတ်ကြီးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ပြောင်းရွှေ့၊ လက်ပံသာရွာဝင်လာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်

ငါန်းဇွန်မြို့နယ် နတ်ကြီးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ပြောင်းရွှေ့၊ လက်ပံသာရွာဝင်လာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်
နိုဝင်ဘာ 22, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် နတ်ကြီးရွာအလယ်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ရေဇင်းရွာသို့ ပြောင်းရွှေ့သွားသဖြင့် နယ်မြေရှင်းလင်းပြီးနောက် ငါန်းဇွန်မြို့နယ် လက်ပံသာရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့များ စီးနင်းလာသည့် ထွေလာဂျီကို ဒေသကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့က ငါန်းဇွန်မြို့နယ် နတ်ကြီးရွာအလယ်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ရေဇင်းရွာသို့ ပြောင်းရွှေ့သွားသဖြင့် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်ရှင်းလင်းခဲ့ရာ မှတ်ပုံတင်(၃)ခု၊ လက်ထိပ်တစ်စုံ၊ ဖုန်းမှန်ကွဲ(၂)လုံးနှင့် ယူနီဖောင်း(၈)စုံတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

“ဘာကြောင့် စခန်းစွန့်သွားလဲ အတိတကျတော့မသိရပါဘူး။ သူတို့အပေါ်က အမိန့်ကြောင့်လို့တော့ ယူဆရပါတယ်။ လက်ရှိမှာတော့ ရေဇင်းရွာမှာပါ။ ဒီစစ်ကြောင်းက တစ်ကြောင်းပါ။ လက်ပံသာရွာကိုလာတာက စစ်ကြောင်း နောက်တစ်ကြောင်းပါ။ သူတို့ကတော့ ခံစစ်ပြင်နေတဲ့သဘောမျိုးပါ။”ဟု ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ထို့အပြင် ယင်းနေ့တွင်ပင် ငါန်းဇွန်မြို့နယ် လက်ပံသာရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များ စီးနင်းလာသော ထွေလာဂျီကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိသည်ဟု ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုကို ငါန်းဇွန် ပကဖ၊ ငါန်းဇွန် ပကဖ အဖွဲ့ဝင်များဖြစ်သော၊ ရွှေဂျိုးဖြူ ပြောက်ကျားအဖွဲ့၊ 925 ပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာ ပြောက်ကျားအဖွဲ့၊ ပြည်တော်ဝင် ပြောက်ကျားအဖွဲ့၊ လက်ရုံး ပြောက်ကျားအဖွဲ့၊ ငန်းနက် ပြောက်ကျားအဖွဲ့၊ အားမာန်သစ် ပြောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကိုပြောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Ngazun People's Defense Force