စစ်အုပ်စုထံ လက်နက်တင်ပို့ရောင်းချနေမှု ပိတ်ပင်ပေးရေး စင်္ကာပူအစိုးရထံ အိတ်ဖွင့်စာပေးမည်

စစ်အုပ်စုထံ လက်နက်တင်ပို့ရောင်းချနေမှု ပိတ်ပင်ပေးရေး စင်္ကာပူအစိုးရထံ အိတ်ဖွင့်စာပေးမည်
အောက်တိုဘာ 23, 2023 | 2021 Military Coup| အခြားဒေသများ

စင်္ကာပူအစိုးရက စစ်အုပ်စုထံ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ တင်ပို့မှုအား ရပ်တန့်နိုင်စေရေးနှင့် လူထုအင်အားအခြေပြု လက်မှတ်စုဆောင်းရေးကမ်ပိန်းအား ရန်ကုန်မြို့ရှိ နေရာများတွင် အသိပညာမျှဝေရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကမ်ပိန်းကို အောက်တိုဘာလ (၁၆)ရက်နေ့မှ (၂၅)ရက်နေ့အထိ လှုပ်ရှားမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြေပြင်လက်မှတ်ကောက်ယူမှုများကိုလည်း ဒီမိုကရက်တစ်လူငယ်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံအဖွဲ့များမှတဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကောက်ယူနေကြောင်း ဒီမိုကရက်တစ်လူငယ်ကောင်စီထံမှ သိရသည်။

လှုပ်ရှားမှုကို ဒီမိုကရက်တစ်လူငယ်ကောင်စီနှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ OWL COMMUNITYနှင့် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)တို့က ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စင်္ကာပူနိုင်ငံသည် စစ်အုပ်စုအတွက် လက်နက်ရောင်းချနေသော တတိယအကြီးဆုံးနိုင်ငံဖြစ်နေပြီး စစ်အုပ်စု၏ နိုင်ငံခြားဝင်ငွေများ လက်ခံသိမ်းဆည်းပေးထားသည့် ပထမအကြီးဆုံး နိုင်ငံဖြစ်သည်ဟုလည်း ဆိုသည်။

စင်္ကာပူအစိုးရက မြန်မာစစ်တပ်ထံ လက်နက်များရောင်းချခြင်းအား ရပ်တန့်နိုင်ပါက စစ်တပ်၏စစ်ရာဇဝတ်မှုများဆက်လက်လုပ်ဆောင်နိုင်စွမ်း အကြီးအကျယ် ထိခိုက်သွားလိမ့်မည်ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက မှတ်ချက်ပြုထားသည်။

ထို့ကြောင့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုနှင့်အတူ ပြည်တွင်းနှင့် နိုင်ငံခြားမိတ်ဖက်အဖွဲ့အစည်းများမှ စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

အိတ်ဖွင့်စာတွင် မြန်မာစစ်အုပ်စုထံ လက်နက်များ ရောင်းချနေသော စင်္ကာပူလက်နက်ကုမ္ပဏီများအား စစ်ဆေးမှုပြုလုပ်ရန်၊ စင်္ကာပူနိုင်ငံမှ စစ်အုပ်စုထံ လက်နက်များရောင်းချနေခြင်းကို စင်္ကာပူအစိုးရမှ ပိတ်ဆို့တားဆီးပေးရန်၊ စင်္ကာပူအစိုးရမှ အကြမ်းဖက်စစ်အုပ်စုအား စင်္ကာပူဘဏ္ဍာစနစ်များ သုံးစွဲခွင့်ကို ပိတ်ဆို့ပေးရန် စသည်တို့ကို တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency