ထွေအုပ်ဌာနမှ စစ်တပ်အသွင်ပြောင်း တိုင်းနှင့်ပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ အမည်ပျက် စာရင်းများကို NUG ထုတ်ပြန်

ထွေအုပ်ဌာနမှ စစ်တပ်အသွင်ပြောင်း တိုင်းနှင့်ပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ အမည်ပျက် စာရင်းများကို NUG ထုတ်ပြန်
နိုဝင်ဘာ 17, 2021 | အခြားဒေသများ

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်ရှိ စစ်တပ်အသွင်ပြောင်း ရုံးချုပ်ထိုင် ညွှန်ကြားရေးမှူးချုပ် နှင့် ဒုညွှန်ချုပ်များ အပါအဝင် တိုင်းနှင့်ပြည်နယ်အုပ်ချုပ်ရေးမှူး စုစုပေါင်း (၁၉)ဦး၏ အမည်ပျက်စာရင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ထုတ်ပြန် ကြေညာလာသည်။

 

စစ်တပ်အသွင်းပြောင်းအဖြစ် ခန့်ထားသည့် ညွှန်ကြားရေးမှူးချုပ် နှင့် ဒုညွှန်ချုပ်များ အပါအဝင် တိုင်းနှင့်ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် CDM လုပ်ဆောင်ခြင်း မရှိသလို၊ CDM လုပ်ဆောင်သူများကိုလည်း ဖိအားပေးခြိမ်းခြောက်မှုများ ပြုလုပ်သည့်အပြင်  အတိုးမဲ့ချေးငွေများကိုလည်း အတင်းအဓမ္မတောင်းယူခြင်း စသည့် ကျူးလွန်မှုများစွာကြောင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ကာ အမည်ပျက်ဝန်ထမ်းစာရင်းသို့ သွင်းခြင်း ဖြစ်ကြောင်း သိရသည်။



အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ တိုင်းနှင့်ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် တိုင်းနှင့်ပြည်နယ် စစ်ကောင်စီအဖွဲ့၏ အတွင်းရေးမှူးများလည်း ဖြစ်သည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စစ်တပ်အသွင်ပြောင်း ခန့်အပ်မှုအဖြစ် တိုင်းနှင့်ပြည်နယ်အုပ်ချုပ်ရေးမှူးများသာမကဘဲ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများသည် များသောအားဖြင့် စစ်တပ်က အသွင်းပြောင်းများဖြစ်သလို အချို့ မြို့နယ်အုပ်ချုပ်ရေးမှူးအဆင့်များသည်လည်း စစ်တပ်က ပြောင်းလာသူများလည်းရှိနေသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စစ်တပ်က လာသူများမှ ရာထူးအပြောင်းအလဲ အမြန်ဆန်မှုများဖြစ်လေ့ရှိသော်လည်း ထွေအုပ်ဝန်ထမ်းစစ်စစ်များမှာ ရာထူးတိုးခြင်းများမှာ ကြန့်ကြာမှုမှုများရှိသည့်အတွက် ထွေအုပ်ဝန်ထမ်းစစ်စစ်များမှာ စစ်တပ်က အသွင်ပြောင်းအဖြစ် ရောက်လာသည့် အကြီးအကဲများကို သဘောမကျသည်များ ရှိသည်။