အခြေအနေမသိဘဲ မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့်မြို့များကိုပါ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ထုတ်ပြန်နေ

အခြေအနေမသိဘဲ မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့်မြို့များကိုပါ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ထုတ်ပြန်နေ
နိုဝင်ဘာ 15, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့်နေရာများကို အာဏာသိမ်းစစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် အခြေအနေကိုမသိဘဲ စစ်အုပ်ချုပ်ရေးထုတ်ပြန်လာသည်။

ထုတ်ပြန်လာသည့် မြိုများမှာ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုးနှင့် သိန္နီမြို့နယ်များဖြစ်ပြီး ည(၆)နာရီမှ နံနက်(၆)နာရီအတွင်း လုံခြုံရေးတာဝန်ရှိသူများမှအပ အပြင်သွားလာခွင့်မပြုဟု ထုတ်ပြန်လာသည်။

ထို့အပြင် နံနက်(၆)နာရီမှ ည(၆)နာရီအတွင်း လူ(၅)ဦးဖြစ်စေ (၅)ဦးအထက်ဖြစ်စေ စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ရုန်းရင်းဆန်ခတ်မှုပြုခြင်း၊ တုတ်၊ ဓား၊ လက်နက်နှင့် မီးလောင်စေတတ်သည့်အရာများ ကိုင်ဆောင်ခြင်းမပြုရဟု ထုတ်ပြန်သည်။

မည်သူမှ လမ်းပေါ်တွင် အတားအဆီးပြုလုပ်၊ ပိတ်ဆိုခြင်းနှင့် လူစု၊ လူဝေးဖြင့် ပိတ်ဆိုခြင်းများမပြုရ၊ လုံခြုံရေး တာဝန်ထမ်းဆောင်နေသူများကို နှောင့်ယှက်ခြင်း မပြုရဟုဆိုကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက လက်မှတ်ရေးထိုးထုတ်ပြန်ထားသည်။

၎င်းတို့ထုတ်ပြန်သည့် မြို့ (၅)မြို့အနက် ကွမ်းလုံနှင့် နမ့်ခမ်းမြို့တို့ကို မဟာမိတ်တပ်များက သိမ်းပိုက်ပြီး အုပ်ချုပ်ရေး၊ တရားရေးလုပ်ငန်းများကိုပင် စတင်နေပြီဖြစ်သည်။ 

ကွတ်ခိုင်၊ မူဆယ်၊ လားရှိုးနှင့် သိန္နီမြို့နယ်တို့တွင်လည်း စစ်ကောင်စီသည် အပြည့်အဝ ထိန်းချုပ်နိုင်သည့် အခြေအနေမရှိတော့သည့်အပြင် တပ်စခန်းများလည်း သိမ်းပိုက်ခံနေရပြီး တိုက်ပွဲများဖြစ်ပွားနေသည်။

#TachileikNewsAgency