ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စစ်ကြောင်းထိုးနေ၍ ရွာ(၁၂)ရွာမှ ဒေသခံများ ထွက်ပြေးနေရ

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စစ်ကြောင်းထိုးနေ၍ ရွာ(၁၂)ရွာမှ ဒေသခံများ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၌ စစ်ကောင်စီတပ်က ပျူစောထီးများနှင့် ပူးပေါင်း၍ စစ်ကြောင်း (၃)ကြောင်းဖြင့် စစ်ကြောင်းထိုးနေသဖြင့် ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၄)ရက် နံနက်ပိုင်းတွင် ကျေးရွာ(၁၂)ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။



အဆိုပါစစ်ကြောင်းများကြောင့် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကြာတကန်၊ ထန်းပင်ကုန်း၊ ပင်းတည်း၊ ဟင်းဖြူတော၊ ရှမ်းကုန်း၊ အင်းမ၊ ဖလားရ၊ ချောင်းကြား၊ ပင့်သာ၊ ပိတောက်ပင်၊ အုတ်ခင်းနှင့် နဂါးပေါ်ရွာတို့မှ ဒေသခံများ တိမ်းရှောင်နေကြရသည်ဟု သိရသည်။



ပြီးခဲ့သည့် ဇွန်လ(၉)ရက်နေ့က စတင်ကာ စစ်ကောင်စီတပ် ခမရ(၃၆၁)နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့သည် ချပ်ကြီးရွာမှတဆင့် ဇင်းရွာဘက်သို့ စစ်ကြောင်းထိုးပြီးနောက် ထိုမှတဆင့် ယနေ့ ဇွန်လ(၁၄)ရက် နံနက်ပိုင်းတွင် ရှမ်းကုန်းရွာသို့ ဝင်ရောက်ကာ မီးရှို့နေကြောင်း သိရသည်။



ထို့အပြင် ကျွန်းလှမြို့မှ ထွက်ခွာလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး စစ်ကြောင်းသည် ထန်းပင်ကုန်းရွာဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးနေပြီး ကန့်ဘလူမြို့မှ ထွက်ခွာလာ သော စစ်ကောင်စီတပ်သည် ထန်းပင်ကုန်းရွာတွင် ဝင်ရောက် တပ်စွဲနေကြောင်းသိရသည်။



ပြီးခဲ့သည့် ဇွန်လ(၁၃)ရက်နေ့ကလည်း ပျူစောထီးများသည် ကျွန်းလှမြို့နယ် ကျောက်အိုင်ကျေးရွာအတွင်း ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်(၂)လုံးကို ဖျက်စီးခဲ့သည့်အပြင် နေအိမ်(၅)လုံးမှ ပစ္စည်းများကို ဖျက်စီးခြင်း၊ ယူဆောင်ခြင်းများ လုပ်ဆောင်သွားသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ ဇွန်လ(၁၄)ရက်တွင် သတင်းထုတ်ပြန်ထားသည်။



#TachileikNewsAgency