ကော့ကရိတ် မြို့နယ်လျှပ်စစ်ရုံး စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ မီးလောင်

ကော့ကရိတ် မြို့နယ်လျှပ်စစ်ရုံး စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ မီးလောင်

ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ ခရိုင်နှင့် မြို့နယ်လျှပ်စစ်ရုံးမှာ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း၊ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ကော့ကရိတ်ဒေသခံများမှာ ထို့ကော်ကိုး၊ နဘူးကျေးရွာများဘက်နှင့် သာမညတောင် ဓမ္မာရုံဘက်၊ အိန္ဒုကျေးရွာဘုန်းကြီးကျောင်းနှင့် မော်လမြိုင်

ကျောက်ကလပ်စေတီဝင်းအတွင်း ကျောက်တော်ကြီးဘုရားဆောင်အောက်ထပ်နေရာတို့တွင် စစ်ဘေးရှောင်နေကြရသည်ဟု ဆိုသည်။ 

"လျှပ်စစ်ရုံးက သူတို့ပစ်တဲ့လက်နက်ကြီးပြန်ကျတာ။ မီးလောင်သွားတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရပ်ကွက်တွေထဲ ပစ်ထည့်နေတယ်။ အဲဒီအနီးအနားမှာတော့ PDFတွေ KNU တွေနဲ့ သူပစ်ကိုယ်ပစ် ပစ်တာမရှိဘူး။ "ဟု PDF ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ KKO(ခွဲထွက်)၊ PDF များမှ မီးရှို့ဖျက်ဆီးသွားကြောင်း၊ အလျား (၈၄)ပေ၊ အနံ (၄၂)ပေ၊ အမြင့် (၁၂)ပေရှိ C Typeပုံ အဆောက်အဦးမှာ မီးလောင်ပျက်ဆီးသွားကြောင်း ဝါဒဖြန့်ရေးသားထားသည်။

လက်ရှိတွင် တော်လှန်ရေးတပ်များသည် ကော့နွဲကျေးရွာ စစ်ကောင်စီတပ်၏ ကတုတ်ကျင်းများ၊ အမှတ်(၃) စစ်ဆေးရေးဂိတ်၊ လှိုင်ဝတံတား အဖွဲ့စုံဂိတ်၊ မြို့တော်ဦး စစ်ကတုတ်များနှင့် ကော့ကရိတ်မြို့တွင်းရှိ KBZ ဘဏ်၊ တယ်လီနောဖုန်းကုမ္ပဏီရုံးများကို သိမ်းပိုက်ထားသည်ဟု သိရသည်။

လက်ရှိတွင် ကော့ကရိတ်မြို့တွင်း မြို့ပြင် နေရာ(၄)နေရာခန့်၌ နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟုလည်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ (၇)ရက်နေ့ ညနေပိုင်းတွင်လည်း မြဝတီခရိုင်ရဲစခန်းဝန်းမှာ ဒရုန်းဖြင့် ဗုံးသီး(၂)လုံးချ တိုက်ခိုက်ခံရကြောင်း သိရသည်။

#TachileikNewsAgency