ရှမ်းမြောက်တွင် စစ်ကောင်စီတပ်က မဟာမိတ်ညီနောင်တပ်ဖွဲ့၏ ဝတ်စုံများချုပ်ခိုင်းနေ

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်က မဟာမိတ်ညီနောင်တပ်ဖွဲ့၏ ဝတ်စုံများချုပ်ခိုင်းနေ
နိုဝင်ဘာ 13, 2023 | 2021 Military Coup| ရှမ်းမြောက်

စစ်စခန်းများ ဆက်တိုက်လက်လွှတ်နေရသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် မဟာမိတ်တပ်ဖွဲ့များ၏ ဝတ်စုံများ ချုပ်ခိုင်းနေကြောင်း သိရသည်။

စစ်ကောင်စီတပ်က MNDAA၊ TNLAနှင့် SSPP/SSAတို့၏ စစ်ဝတ်စုံများ ချူပ်ခိုင်းထားနေသည်ဟု မဟာမိတ်အဖွဲ့က သတင်းရထားကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ယင်းလုပ်ရပ်မှာ စစ်ကောင်စီက ပြည်သူလူထုအပေါ်  စစ်ရာဇဝတ်မှုများကျူးလွန်ပြီး တော်လှန်ရေးအဖွဲ့များအပေါ် စွပ်စွဲရန် ကြံစည်နေသည်ဟု ခန့်မှန်းသုံးသပ်ရသဖြင့် ပြည်သူလူထုတစ်ရပ်လုံး သတိရှိရှိဖြင့် နေထိုင်ကြရန် တိုက်တွန်းထားသည်။

စစ်ကောင်စီအာဏာသိမ်းပြီး (၂)နှစ်တာကာလအတွင်း၌ စစ်ကိုင်းတိုင်းဒေသတွင် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာလုပ်ခြင်း စသည့်စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ကြပြီး လတ်တလော စစ်ရေးအခြေအနေများကြောင့် ရှမ်းမြောက်တွင် အလားတူ ကျူးလွန်နိုင်၍ သတိထားကြရန်လိုသည်ဟု ထုတ်ပြန်ထားသည်။

ရှမ်းမြောက်၊ ကရင်နီတို့တွင် စစ်စခန်းများ လက်လွှတ်နေရသည့် စစ်ကောင်စီတပ်သည် ယနေ့တွင် ရခိုင်ပြည်နယ်မှ စစ်စခန်းအချို့ တိုက်ခိုက်ခံနေရသည်။

#TachileikNewsAgency