သီပေါမြို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA သိမ်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြိမ် ၁၇၀ ပစ်ခတ်ခဲ့

သီပေါမြို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA သိမ်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြိမ် ၁၇၀ ပစ်ခတ်ခဲ့
နိုဝင်ဘာ 12, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၂)ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLAထံမှ သိရသည်။

ယနေ့တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာဒေသသို့ လက်နက်ကြီးဖြင့် (၁၇၀)ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၈)ကြိမ်နှင့် ရော့ကက်ဒုံးကျည် (၂၀)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်၊ ဘော်ကြိုအနီး ကျင်တီတံတား စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် TNLAက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဘော်ကြို စစ်ကောင်စီတပ်စခန်းကိုလည်း ယနေ့နံနက်ပိုင်းတွင် TNLAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ တိုက်လေယာဉ်ဖြင့် (၅)ကြိမ်၊ ရော့ကတ်ဒုံးကျည် (၂၀)လုံးနှင့် လက်နက်ကြီးဖြင့် (၄၁)ကြိမ် ဂုတ်တွင်းဘက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

သီပေါမြို့ရှိ စစ်ကောင်စီတပ် ခလရ(၂၃)တပ်ကုန်းမှလည်း နာမုံကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး သီပေါမြို့နယ်၊ ဘော်ကျိုနှင့် ကျင်တီတံတားဘက်ကိုလည်း လေကြောင်းတိုက်ခိုက်မှု (၃)ကြိမ်၊ ကျောက်မဲအခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၁၄)ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။ 

လားရှိုးမြို့ စစ်ကောင်စီတပ်ကလည်း ပန်ဟုန်၊ ပိန်ခိုင်၊ ကုန်ညောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၆၈)ကြိမ် ပစ်ခတ်ခဲ့ပြီး  နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်ကုန်းမှလည်း နမ့်တီကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၂)ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်က မန်ပန်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ် ပစ်ခတ်ခဲ့ပြီး ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်စခန်းမှ ကျောက်မဲမြို့နယ်၊ နောင်ပြစ်ကျေးရွာလမ်းခွဲဘက်သို့ လက်နက်ကြီးဖြင့် (၃)ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။ 

ထို့အပြင် ကျောက်မဲမြို့ စစ်ကောင်စီတပ်စခန်းမှ ကျောက်မဲမြို့နယ်၊ ဟန်ပူနှင့် ကြူရှောကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၂၂)ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်ကုန်းကို TNLAမှ လက်နက်ကြီးဖြင့် (၆)ကြိမ် ပစ်ခတ်ခဲ့ပြီး  မန်တုံမြို့နယ်၊ ခိုမုန်းကျေးရွာရှိ စစ်ကောင်တပ်စခန်းကိုလည်း TNLAမှ လက်နက်ကြီးဖြင့် (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုမူ မသိရသေးပါ။

#TachileikNewsAgency

Photo : News & Information Department