ဒီးမော့ဆိုမြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ရိက္ခာတင်ယာဉ် ၄ စီးပျက်စီး

ဒီးမော့ဆိုမြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ရိက္ခာတင်ယာဉ် ၄ စီးပျက်စီး
နိုဝင်ဘာ 8, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မှ ဒီးမော့ဆိုမြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေးတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ထောက်ပို့ကား(၄)စီး ပျက်စီးကြောင်း DMO 1006 တပ်ရင်းထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့က ဒီးမော့ဆိုဘက်သို့ ဦးတည်ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို (၁)နာရီခွဲကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထောက်ပို့ကား(၄)စီး ပျက်စီးပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ(၄)ရက်နေ့ကလည်း ဖရူဆိုမြို့မှ ဒီးမော့ဆိုမြို့ဘက်သို့ ဦးတည်ပြီး ဘော်လခဲကို ရိက္ခာပို့ပြီး ပြန်လာသော စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို (၃)နာရီကြာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒီးမော့ဆိုတမြို့နယ်လုံးနှင့် ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးတွင် စစ်ရေးတင်းမာနေသဖြင့် ပြည်သူများ သွားလာလှုပ်ရှားခြင်း၊ နေထိုင်ခြင်း၊ ပစ္စည်းများသယ်ယူခြင်းများ မပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency