ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ၅၇ ခုကို မဟာမိတ်တပ်များ ၃ ရက်အတွင်း သိမ်းယူ 

ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ၅၇ ခုကို မဟာမိတ်တပ်များ ၃ ရက်အတွင်း သိမ်းယူ 
အောက်တိုဘာ 29, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး၊ လားရှိုးနှင့် ကိုးကန့်ဒေသတလျှောက်ရှိ စစ်ကောင်စီတပ်စခန်း(၅၇)ခုကို မဟာမိတ်တပ်များက ယနေ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့အထိ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကိုးကန့်၊ မုံးကိုး၊ လားရှိုး၊ မူပန်၊ နမ့်ဆလပ် စသည့်နေရာရှိ စစ်ကောင်စီတပ်စခန်းပေါင်း (၁၁)ခုကို ယနေ့ အောက်တိုဘာလ (၂၉)ရက်နေ့တွင် တိုက်ခိုက်သိမ်းယူခဲ့ရာ စစ်သုံ့ပန်(၁၀)ဦးကိုလည်း ဖမ်းဆီးရရှိခဲ့သည်ဟု The Kokang ကဆိုသည်။

စစ်ကောင်စီတပ်သည် တိုက်လေယာဉ်ဖြင့် ကိုးကန့်‌ဒေသသို့ လာရောက်ဗုံးကြဲပစ်ခိုက်မှုကြောင့် ချင်းရွှေဟော်ဒေသ ညိုဖင်ကျီပရွာနှင့် မာလီဖင်ရွာရှိ အရပ်သားနေအိမ်များ ပျက်စီးခဲ့ရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၁၀၀)နီးပါး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်တိုက်များကိုလည်း ဖျက်ဆီးနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

လက်ရှိ ချင်းရွှေဟော်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းယူပြီးနောက် ချင်းရွှေဟော်မြို့ကိုလည်း MNDAA အလံလွှင့်ထူကာ သိမ်းယူလိုက်ပြီဖြစ်သည်။

#TachileikNewsAgency

Photo : The Kokang