ပေါင်းတည်မြို့နယ်အတွင်း PDF တပ်ဖွဲ့တို့၏ ရှေ့တန်းကင်းစခန်း (၅)လုံး မီးရှို့ဖျက်ဆီးခံရ

ပေါင်းတည်မြို့နယ်အတွင်း PDF တပ်ဖွဲ့တို့၏ ရှေ့တန်းကင်းစခန်း (၅)လုံး မီးရှို့ဖျက်ဆီးခံရ

 ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော  အာဏာသိမ်း စစ်‌ကောင်စီတပ်ဖွဲ့များသည် ဧပြီလ(၅)ရက်နေ့တွင် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၅ ၏ ရှေ့တန်းကင်းစခန်း တဲ(၅)လုံးအား မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Bago Region PDFက သတင်းထုတ်ပြန်သည်။

တပ်ခွဲ(၅)ရှိ ရှေ့တန်းစခန်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံးသည် စစ်လက်နက်ပစ္စည်း၊ အသုံးဆောင်များကိုပါ တပါတည်း သိမ်းဆည်းခဲ့၍ ဖျက်ဆီးခံရမှု မရှိဘဲ ဘေးလွတ်ရာသို့ ဆုတ်ခွါနိုင်ခဲ့သည်ဟု ဆိုသည်။

၂၀၂၃ခုနှစ် ဧပြီလ(၇)ရက် နံနက်(၃)နာရီခန့်တွင် ပေါင်းတည်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၂၊ တပ်ခွဲ၄၊ ပြည်ခရိုင် PDF တပ်ရင်း ၃၈၀၁ တို့ ပူးပေါင်း၍ လက်လုပ်(၄၀)မမ ဗုံးသီး(၄)လုံးဖြင့် သိမ်ကုန်းတာဝါတိုင်မှ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဆက်လက်၍ နံနက်(၈)နာရီဝန်းကျင်တွင်လည်း ပေါင်းတည်မြို့နယ်၊ သစ်ပုတ်‌ကျေးရွာအုပ်စု၊ သစ်ပျောက်စမ်းရွာအရှေ့ဘက် ကြို့ပင်တောင်အနီးတွင် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ တပ်ခွဲ၄ နှင့်တပ်ခွဲ ၅ တို့က မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်‌ ကောင်စီတပ်ဖွဲ့ဝင် (၆)ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အနီးအနားရှိ ယာတဲအိမ်(၁)လုံးကို မီးရှို့ကာ မွေးမြူထားသောကြက်များအား ရိုက်သတ်စားသောက်သွားခဲ့ကာ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခြင်းရှိ မရှိကို ဆက်လက်၍ စုံစမ်းလျက်ရှိသည်ဟု ဆိုသည်။

ပေါင်းတည်မြို့နယ် ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုများ ပြုလုပ်လျက်ရှိပြီး ဒေသခံနေအိမ်များနှင့် ယာတဲများကို မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်လျက်ရှိသည်ဟု သိရသည်။

အဆိုပါ ဒေသတွင် ထိတွေ့တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သဖြင့် ပြည်သူလူထုအနေဖြင့် သတိရှိရှိ သွားလာနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က အသိပေးထုတ်ပြန်ထားသည်။