ပဲခူးတစ်မြို့လုံးနီးပါး ရေနစ်မြှုပ်နေပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်

ပဲခူးတစ်မြို့လုံးနီးပါး ရေနစ်မြှုပ်နေပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်
အောက်တိုဘာ 9, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ပဲခူးမြို့တွင် မြစ်ရေမြင့်တက်ခြင်းကြောင့် ပဲခူးမြို့တွင်းနေရာ (၈၀)ရာခိုင်နှုန်းခန့် ရေလွှမ်းမိုးနေပြီး လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးများလည်း ပြတ်တောက်နေကာ ကူညီကယ်ဆယ်ရေးများ လိုအပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့ကစတင်ကာ ပဲခူးမြစ်ရေ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ (၈)ရက်နေ့တွင် ပဲခူး-ရန်ကုန်၊ ရန်ကုန်-မန္တလေး ကားလမ်းများ ရေကျော်ခဲ့ကာ ယနေ့ နံနက်ပိုင်းတွင်မူ အမြင့်ပိုင်းရပ်ကွက်များအထိပါ ရေမြှုပ်နေပြီဖြစ်ကြောင်း သိရသည်။

“အမြင့်ပိုင်းရပ်ကွက်တွေဘက်က အရင်တုန်းက ရေကြီးရင် ရေသိပ်မတက်ဘူး။ အခုရေကြီးတာက အမြင့်ပိုင်း ရပ်ကွက်တွေပါ ရင်ခေါင်းလောက်ကို မြှုပ်နေပြီ။ အနှိမ့်ပိုင်းရပ်ကွက်တွေဆိုရင် မနေ့ကပဲ ပြောင်းရွေ့ကြရတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ထို့အပြင် နေအိမ်များ ရေနစ်မြှုပ်နေသဖြင့် ကယ်ဆယ်ရေးအကူညီတောင်းခံမှုများလည်းရှိနေပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၂)နှင့် (၄၅/၃)ကြားရှိ အရှည် (၂၅)ပေရှိ ကြက်ချောင်းတံတားအနီးတွင်လည်း ကွန်ကရစ်လမ်း(၁၀)ပေခန့် မြေကျွံကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

“ဒီနှစ်ထဲ (၄)ကျော့ပြန်ရေကြီးတာ။ အခုက အရင်တုန်းက ရေမကြီးတဲ့ရပ်ကွက်တွေပါရေဝင်ပြီး ခါးစောင်းကျော် မြုပ်ကုန်တာ။ ဖုန်းလိုင်းတွေလည်း ရလိုက်၊ မရလိုက်ဖြစ်နေတယ်။ မီးလည်းပြတ်တော့ ထမင်းထုတ်ဝေတာကို စောင့်နေရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရေကြီးနစ်မြှုပ်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းတချို့၏ ကုန်ပစ္စည်းများလည်း ရေနစ်မြှုပ်ပျက်စီးမှုများ ရှိနေပြီး ပဲခူးမြစ်ရေမှာ ဆက်လက်မြင့်တက်လာနေသည်ဟုလည်း ဒေသခံများက ပြောသည်။

ပဲခူးအပြင် ရန်ကုန်တိုင်း မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တို့တွင်လည်း ရေမြင့်တက်နေပြီး နေအိမ်များအတွင်းသို့ ရေဝင်ရောက်နေသဖြင့် ပြောင်းရွေ့နေကြရသည်ဟု သိရသည်။

#TachileikNewsAgency

Photo : ယနေ့ နံနက်ပိုင်း ပဲခူးမြို့အခြေအနေ