လားရှိုးမြို့တွင် COVID 19 ကြောင့် ပိတ်ထားသည့် ဈေးများရှိ ဆန်၊ဆီ၊အသားငါးနှင့် ဆေးဆိုင်များ ပြန်ဖွင့်ခွင့် ပေးမည်

လားရှိုးမြို့တွင် COVID 19 ကြောင့် ပိတ်ထားသည့် ဈေးများရှိ ဆန်၊ဆီ၊အသားငါးနှင့် ဆေးဆိုင်များ ပြန်ဖွင့်ခွင့် ပေးမည်
ဇူလိုင် 27, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် COVID 19 ကြောင့် ပိတ်ထားသည့်ဈေးများရှိ ဆန်၊ ဆီ၊ အသားငါးနှင့် ဆေးဝါးဆိုင်များကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှစ၍  ပြန်လည်ဖွင့်ခွင့်ပေးမည်ဟု မြို့နယ်စည်ပင်သာယာရေးဌာနက ဇူလိုင်လ (၂၇) ရက်နေ့တွင် ကြေညာထားသည်။

လားရှိုးမြို့ရှိ မြို့မဈေးကြီးမှ ဈေးကော်မတီဝန်ထမ်းနှင့် အောင်မင်္ဂလာဈေးတို့မှ ဈေးသည်အချို့တွင် COVID 19 ပိုးတွေ့ရသဖြင့် ဇွန်လ (၂၃) ရက်နေ့မှစ၍ အဆိုပါဈေးများကို နှစ်ပတ်ကြာပိတ်ထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပိတ်ထားသည့် အဆိုပါဈေးများမှ ဆန်၊ ဆီ၊ အသားငါးနှင့် ဆေးဝါးဆိုင်များကို နေ့စဉ် နေ့လယ် (၁၂) နာရီအထိ ပြန်လည်ဖွင့်ခွင့်ပြုမည်ဖြစ်သော်လည်း COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့်သာ ရောင်းချရမည်ဟု ဆိုသည်။

COVID 19 ကာကွယ်ရေးအစီအစဉ်များ လုပ်နိုင်ခြင်းမရှိသည့် ဆိုင်များကို စစ်ဆေးတွေ့ရပါက (၇) ရက် ရောင်းချခွင့်ပိတ်မည်ဟုလည်း အသိပေးထားသည်။

လက်ရှိတွင် လားရှိုးမြို့နယ်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူ (၁၅၀၀) နီးပါးရှိနေပြီး ဆေးရုံဆင်းသူ ( ၈၀၀ )နီးပါးနှင့် သေဆုံးသူ (၇၀) ကျော်ရှိပြီဖြစ်သည်။