စစ်ကောင်စီတပ်များ KIA ဌာနချုပ်ကို ပိတ်ဆို့ရန် အင်အားတိုးချဲ့နေသဖြင့် တိုက်ပွဲဂွင်များပိုကျယ်လာဟု KIA ဆို 

စစ်ကောင်စီတပ်များ KIA ဌာနချုပ်ကို ပိတ်ဆို့ရန် အင်အားတိုးချဲ့နေသဖြင့် တိုက်ပွဲဂွင်များပိုကျယ်လာဟု KIA ဆို 
အောက်တိုဘာ 25, 2023 | 2021 Military Coup| အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ်ကို ဝိုင်းပတ်ပိတ်ဆို့ရန် အင်အားအလုံးအရင်းဖြင့် တိုးချဲ့လုပ်ဆောင်နေကြောင်း KIAထံမှ သိရသည်။

စစ်ကောင်စီ၏ မြောက်ပိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တပ်များနှင့် တပ်မ(၈၈) ကွပ်ကဲမှုတပ်ရင်းများသည် လိုင်ဇာမြို့အနီး နမ်ဆန်ယမ်ဂွင်အတွင်းသို့ ဝင်ရောက်အခြေပြုရန် အင်အားအလုံးအရင်းဖြင့် တိုးချဲ့နေသည့်အပြင် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့ကစတင်ကာ ဝင်ရောက်ပစ်ခတ်မှုကိုလည်း ခုခံနေရသည်ဟု KIA ဘက်ကဆိုသည်။

အဆိုပါပစ်ခတ်မှုများကြောင့် KIA ဌာနချုပ်အနီးတွင် တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီး စစ်ကောင်စီတပ်များက အင်အားထပ်မံတိုးချဲ့ ထိုးစစ်ဆင်လာမှုကြောင့် တိုက်ပွဲဂွင်ပိုမိုကျယ်ပြန့်လာကာ တော်လှန်ရေးတပ်များက ခုခံစစ်ကို အဓိကထား လုပ်ဆောင်နေရသည်ဟု သိရသည်။ 

ခုခံစစ်တိုက်ပွဲဖြစ်စဉ်များအတွင်း KIA တပ်မဟာ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ K-PDFများနှင့်အတူတကွ လက်တွဲ၍ မိမိအသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြသော မဟာမိတ်တပ်ဖွဲ့ဝင်များအသီးသီးနှင့် တာဝန်ရှိတပ်မှူးများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင် အသိအမှတ်ပြုပါကြောင်းနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးတိုက်ပွဲတွင် အတူတကွ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန်လည်း တိုက်တွန်းကြောင်း KIAက မဟာမိတ်တပ်ဖွဲ့များအား အောက်တိုဘာလ (၂၂)ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်က ဂုဏ်ပြုစာပေးပို့ထားသည်။

ဂုဏ်ပြုစာပေးပို့ထားသည့် အဖွဲ့များမှာ ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း)(ABSDF-NB)၊ ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်)(KNA-Burma)တို့ ပါဝင်ကြောင်း သိရသည်။

#TachileikNewsAgency