KIA စစ်ဦးစီးချုပ်က PDF နှင့် မဟာမိတ်များအား ဂုဏ်ပြုစာ ပေးပို့

KIA စစ်ဦးစီးချုပ်က PDF နှင့် မဟာမိတ်များအား ဂုဏ်ပြုစာ ပေးပို့
အောက်တိုဘာ 24, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် မဟာမိတ်များထံ ဂုဏ်ပြုမှတ်တမ်းတင်စာ ပေးပို့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

KIA စစ်ဦးစီးချုပ်က ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း)(ABSDF-NB)၊ ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်)(KNA-Burma)တို့အား ဂုဏ်ပြုမှတ်တမ်းတင်စာကို ပြီးခဲ့သည့် အောက်တိုဘာလ (၂၂)ရက်နေ့က ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

ဂုဏ်ပြုမှတ်တမ်းစာတွင် "မိမိတို့ ကေအိုင်အေ တပ်မဟာ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ K-PDFများနှင့်အတူတကွ လက်တွဲ၍ မိမိအသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြသော မဟာမိတ် တပ်ဖွဲ့ဝင်များအသီးသီးနှင့် တာဝန်ရှိတပ်မှူးများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင် အသိအမှတ်ပြုပါကြောင်းနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲတွင် အတူတကွ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန်လည်း တိုက်တွန်းကြောင်း"ပါရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲ၍ စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးတို့အတွက် မဆုတ်မနစ် ကြိုးစားအားထုတ်သွားမည်ဖြစ်သည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

#TachileikNewsAgency