ကမ္မမြို့တွင် PDFများအလင်းဝင်ရန် ဆိုင်းဘုတ်ကို မီးရှို့ဖျက်ဆီးကာ စစ်ကောင်စီတပ်သားများ အလင်းဝင်ရန် ဆိုင်းဘုတ်အသစ် ပြန်စိုက်ထူ

ကမ္မမြို့တွင် PDFများအလင်းဝင်ရန် ဆိုင်းဘုတ်ကို မီးရှို့ဖျက်ဆီးကာ စစ်ကောင်စီတပ်သားများ အလင်းဝင်ရန် ဆိုင်းဘုတ်အသစ် ပြန်စိုက်ထူ

မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့တစ်နေရာတွင် စစ်ကောင်စီမှ စိုက်ထူထားသည့် PDFများ အလင်းဝင်ရန် ဆိုင်းဘုတ်ကို မီးရှို့ဖျက်ဆီးကာ စစ်ကောင်စီတပ်သားများ အလင်းဝင်ရန် ဆိုင်းဘုတ်အသစ်ကို ပြန်စိုက်ထူခဲ့ကြောင်း Peoples Defense Force Kammaထံမှ သိရသည်။

၂၀၂၃ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့ ညပိုင်းက ကမ္မမြို့တစ်နေရာတွင် Peoples Defense Force Kammaတပ်ဖွဲ့ဝင်များ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်များ စိုက်ထူထားသည့် "PDFအပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်း"ဟု ရေးသားထားသည့် ဆိုင်းဘုတ်အား PDF Kamma အဖွဲ့သားများက မီးရှို့ဖျက်ဆီးကာ ဆိုင်းဘုတ်အသစ်ကို ပြန်လည်ချိတ်ဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချိတ်ဆွဲခဲ့သည့် ဆိုင်းဘုတ်ရှိစာမှာ "စစ်အာဏာရှင်လက်အောက် ယခုထိ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းအပေါင်းနှင့် ပြည်သူ့စစ်၊ ပြည်သူ့ရဲအပေါင်းတို့ လက်ရှိဖြစ်ပေါ်နေသော အခြေနေအရပ်ရပ်အား မိမိတို့၏ ဆင်ခြင်တုံတရား အသိညဏ်ဖြင့် သုံးသပ်၊ ဆုံးဖြတ်၍ စစ်အာဏာရှင်လက်အောက်မှ အမြန်ရုန်းထွက် ပြည်သူ့ဘက်တော်သားအဖြစ် ခံယူလာပါရန်နှင့် ရုန်းထွက်ပူးပေါင်းလာသူများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အမြဲကြိုဆိုလျက်ရှိပါကြောင်း အသိပေး ကြေညာအပ်ပါသည်။"ဟု ပါရှိသည်။

#TachileikNewsAgency

Photo : Peoples Defense Force Kamma