မက္ကစီကိုတွင် Chucky အရုပ်သရဲဖြင့် ခြောက်လှန့် ငွေတောင်းသူ အမျိုးသားတစ်ဦး အဖမ်းခံရ

မက္ကစီကိုတွင် Chucky အရုပ်သရဲဖြင့် ခြောက်လှန့် ငွေတောင်းသူ အမျိုးသားတစ်ဦး အဖမ်းခံရ
စက်တင်ဘာ 24, 2023 | နိုင်ငံတကာသတင်း
By Mr John

 မက္ကစီကိုနိုင်ငံတွင် Chucky အရုပ်သရဲနှင့် ပိုင်ရှင်ဖြစ်သူ အမျိုးသားကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေမှုနှင့် အခြားသူများကို အနှောင့်အယှက်ဖြစ်စေမှုတို့ဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးစွဲချက်တင်ခဲ့သည်။ 

Chucky အရုပ်ကို နံရံတစ်ခုတွင်ကပ်လျက် လက်ထိပ်ခတ်ထားပြီး ရဲအရာရှိတစ်ဦးက ရဲမှတ်တမ်းအတွက် ဓာတ်ပုံရိုက်နေခဲ့သည်။

Chucky အရုပ်နှင့် ပိုင်ရှင်ဖြစ်သူကို ယခု စက်တင်ဘာလ၏ တတိယပတ် အစောပိုင်း၌ မက္ကစီကိုမြောက်ပိုင်းရှိ မြို့တစ်မြို့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

Carlos "N" ဟုသာ အမည်ဖော်ပြထားသည့် ရုပ်သေးရုပ်ဆရာက လူများကို ခြောက်လှန့်ပြီး ငွေတောင်းရန် Chucky အရုပ်သရဲကို အသုံးပြုခဲ့ကြောင်း မက္ကစီကို မီဒီယာက ဆိုသည်။

Chucky အရုပ်ထံမှ ဓားရှည်တစ်ချောင်းကို သိမ်းဆည်ရမိစဥ် Coahuila ပြည်နယ် Monclova မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ အမျိုးသမီးက ရယ်နေခဲ့သည်ကို ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။ 

မက္ကစီကို မီဒီယာ၏ ဖော်ပြမှုအရ Chucky အရုပ်ကို လက်ထိပ်ခတ်ခဲ့သည့် ရဲအရာရှိ အမျိုးသမီးမှာ တာဝန်ကို အလေးအနက် ဆောင်ရွက်ခြင်းမရှိမှုဖြင့် ဆုံးမဩဝါဒ ခံယူခဲ့ရသည်ဟု ဆိုသည်။ 

လက်ထိပ်ခတ်ပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့သည့် Chucky အရုပ်သရဲကို မည်သည့်နေရာတွင် သိမ်းဆည်းထားကြောင်း မသိရသေးသော်လည်း နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က Carlos "N" ကို ပြန်လွှတ်ပေးခဲ့ကြောင်း မက္ကစီကို သတင်းဌာနများက ပြောသည်။

 

Source: Reuters