ဗီယက်နိုင်ငံတွင် အမျိုးသမီးတစ်ဦးက (၁၁) နှစ်ကျော်ကြာ မအိပ်ခဲ့ရဟုဆို

ဗီယက်နိုင်ငံတွင် အမျိုးသမီးတစ်ဦးက (၁၁) နှစ်ကျော်ကြာ မအိပ်ခဲ့ရဟုဆို
စက်တင်ဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဗီယက်နမ်နိုင်ငံတွင် အိပ်မပျော်သည့်ရောဂါကို (၁၁) နှစ်ကျော်ကြာ ခံစားနေရသည့် အသက် (၃၆) နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဖြစ်ရပ်အပေါ် လူအများ အံ့အားသင့်ကြရသည်။ 

Tran Thi Luu အမည်ရှိ အမျိုးသမီးမှာ Quảng Ngãi မြို့ရှိ မူလတန်းကျောင်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သူမ အိပ်မပျော်သည်မှာ (၁၁) နှစ်ကျော်ပြီဟု သတင်းထွက်ပေါ်လာခဲ့ရာ ဗီယက်နမ်ဆိုရှယ်မီဒီယာတွင် ထိုအကြောင်းကို လူပြောများလာခဲ့သည်။

ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်သည့် သူမ အိပ်မပျော်နိုင်ခြင်းမှာ ထူးထူးဆန်းဆန်း မျက်ရည်ကျမှုနှင့်အတူ စတင်ခဲ့သည်ဟု မကြာသေးမီက ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် Luu က ပြောသည်။ 

အကြောင်းမရှိဘဲ Luu ၏ မျက်လုံးမှ မျက်ရည်များ စီးကျလာကြောင်းနှင့် အိပ်ဖို့ကြိုးစားပြီး မျက်လုံးများ ပိတ်ထားသော်လည်း မျက်ရည်ကျနေဆဲဟု ဆိုသည်။

နားမလည်နိုင်သော မျက်ရည်ကျမှုမှာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သော်လည်း Luu မှာ အိပ်မပျော်တော့ချေ။ 

အိပ်ပျော်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဟု Luue က ဆိုသည်။ 

မျက်လုံးများမှာ ပင်ပန်းနေခဲ့သော်လည်း သူမ၏ စိတ်က လုံးဝ နိုးကြားနေခဲ့ကြောင်း Luu က ဖွင့်ဟခဲ့သည်။ 

ထို့ကြောင့်လည်း Luu မှာ (၁၁) နှစ်ကျော်အတွင်း သူမ၏ခင်ပွန်းနှင့် ကလေးများ အိပ်ပျော်နေချိန်တွင် မျက်လုံးများကို အနားပေးရန် မျက်လုံးပိတ်ထားသော်လည်း အိပ်မပျော်ခဲ့ဟု ဆိုသည်။

"ကျွန်မ အိပ်မပျော်တာ (၁၁) နှစ်ရှိပြီဆိုတာ အမှန်ပါ။ လူစိတ်ဝင်စားအောင် 'like' ဒါမှမဟုတ် 'view' ရအောင် လုပ်ကြံဖန်တီးတာ မဟုတ်ပါဘူး။ အနီးကပ် ကြည့်မယ်ဆိုရင် မအိပ်တာကြောင့် သက်ရောက်မှုကို တွေ့နိုင်ပါတယ်။ ကျွန်မ မျက်ကွင်းတွေက မည်းနက်နေပါတယ်။ မျက်လုံးပတ်လည်နေရာကလွဲရင် ကျွန်မရဲ့ မျက်နှာအသားအရေက အဖြူနဲ့ ပန်းရောင်ဖြစ်ပြီး ကျွန်မရဲ့ မျက်နှာပေါ်မှာ အသားအရေ ပျက်စီးနေတာမျိုး မရှိပါဘူး" ဟု Luu က ပြောသည်။

သူမ၏ အိပ်မပျော်သည့်ရောဂါကို စစ်ဆေးရန် Luu က Quang Ngai ပြည်နယ် စိတ်ကျန်းမာရေးဆေးရုံ (Quang Ngai Provincial Mental Hospital) သို့ သွားရောက်ခဲ့သည်။ 

ဆရာဝန်များက Luu ၏ ပြဿနာမှာ ပြင်းထန်သော အိပ်မပျော်သည့်ရောဂါဟု သတ်မှတ်ခဲ့ပြီး ဆေးညွှန်းပေးခဲ့သည်။ 

ထိုဆေးက သူမ၏ ခြေထောက်များကို နာကျင်စေပြီး လမ်းမလျှောက်နိုင် ဖြစ်ခဲ့သော်လည်း အိပ်ပျော်ချင်လွန်းသောကြောင့် Luu က ဆေးသောက်ခဲ့သည်။

သို့သော် ထိုဆေးမှာ ဈေးကြီးလွန်းပြီး ဘေးထွက်ဆိုးကျိုးများကလည်း ပြင်းထန်လွန်းရာ လအနည်းငယ်ကြာပြီးနောက် Luu က ဆေး ဆက်မသောက်တော့ဟု ဆိုသည်။ 

Luu က သူမ၏ အခြေအနေနှင့် ပတ်သက်၍ အကောင်းမြင်ထားဆဲ ဖြစ်သော်လည်း ကာလရှည်ကြာ အိပ်မပျော်မှုနှင့် ဆက်နွယ်နေသော အရိုးနာကျင်ကိုက်ခဲခြင်းနှင့် အစာအိမ်နာခြင်းကဲ့သို့ ကျန်းမာရေးပြဿနာ အများအပြားကို တစ်နှစ်ပတ်လုံး ကြုံနေရကြောင်း ဖွင့်ဟခဲ့သည်။ 

တစ်နေ့နေ့တွင် သာမန် လူတစ်ဦးကဲ့သို့ သူမ ပြန်လည် အိပ်စက်နိုင်မည်ဟု Luu က မျှော်လင့်ထားဆဲ ဖြစ်သည်။

ယခုလို အလားတူ ဗီယက်နမ်နိုင်ငံတွင် Thai Ngoc အမည်ရှိ အသက် (၈၀) နှစ်အရွယ် လယ်သမားတစ်ဦးကလည်း ၎င်းမှာ နှစ်ပေါင်း (၆၀) ကျော်ကြာ အိပ်မပျော်ခဲ့ကြောင်း ပြောကြားခဲ့သည့် သတင်းများ ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ထွက်ပေါ်ခဲ့သေးသည်။ 

၁၉၄၂ ခုနှစ်တွင် မွေးဖွားခဲ့သူ Thai Ngoc မှာ ၎င်း၏ အသက် (၂၀) နှစ်အရွယ် ၁၉၆၂ ခုနှစ်အတွင်း နေမကောင်းဖြစ်စဥ် ကိုယ်ပူချိန်မြင့်တက်ခဲ့ဖူးပြီး ထိုစဥ်ကတည်းက အိပ်မပျော်ခဲ့ဟု ဆိုသည်။



Source: Oddity Central