အစစ်ဆေးခံနေရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဌနေရာမှ ဖယ်ရှားခံရ

အစစ်ဆေးခံနေရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဌနေရာမှ ဖယ်ရှားခံရ
စက်တင်ဘာ 20, 2023 | 2021 Military Coup

အဂတိလိုက်စားမှုများဖြင့် အစစ်ဆေးခံနေရသည်ဟု သတင်းထွက်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ကိုင်တွယ်နေသည့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဌနေရာကို ဗိုလ်ချုပ်ကြီးမြထွန်းဦးအား ခန့်အပ်၍ ပြင်ဆင်ဖွဲ့ စည်းလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဧပြီလ (၄)ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်ဟုဆိုကာ စစ်ကောင်စီက နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီဥက္ကဌနေရာကို တာဝန်ပေးခဲ့ခြင်းဖြစ်ပြီးနောက် ယခု ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့ ထုတ်ပြန်ထားသည့် ပြင်ဆင်ဖွဲ့စည်းထုတ်ပြန်စာတွင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအားဖယ်ရှားကာ ဗိုလ်ချုပ်ကြီးမြထွန်းဦးအား တာဝန်ပေးထားသည်ကို တွေ့ရသည်။

ထို့အပြင် ၎င်းအဖွဲ့အား စစ်ကောင်စီဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေတို့နှင့်လည်း အစားထိုးခန့်အပ်ထားသည်ကို တွေ့ရသည်။

စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် စစ်တပ်တွင် နံပါတ်(၆)အဆင့်ရှိသူဖြစ်ပြီး ကြည်းတပ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့နောက် နံပါတ်(၄)နေရာတွင်ရှိကြောင်း သိရသည်။

#TachileikNewsAgency