မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများအား အရေးယူပေးရန် အဖွဲ့အစည်းများကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တိုက်တွန်း

မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများအား အရေးယူပေးရန် အဖွဲ့အစည်းများကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တိုက်တွန်း
စက်တင်ဘာ 19, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၄)ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရကာ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်း‌ရှောင်နေရသဖြင့် စစ်ကောင်စီကို ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ရန် အဖွဲ့အစည်းများအား မုန်းမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် ဩဂုတ်လ (၃၁)ရက်နေ့မှ စက်တင်ဘာလ (၁၆)ရက်နေ့အထိ မုန်းမြို့ နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု (၁၀၁)ကြိမ်နှင့် လက်နက်ကြီးပစ်ခတ်မှု (၄၅၁)ကြိမ်ပြုလုပ်ခဲ့ပြီး မြေပြင်တွင်လည်း အရပ်သားပိုင်နေအိမ်များအား ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းနှင့် ကျေးရွာအတွင်း မိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ရပ်များကြောင့် အရပ်သား အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးခဲ့ရပြီး (၁၀)ဦး ဒဏ်ရာရကာ (၃)ဦးမှာလည်း ဖမ်းဆီးခံထားရသည့်အပြင် ကျေးရွာပေါင်း (၁၅)ရွာမှ အရပ်သား (၁၁,၃၈၇)ဦးလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ထို့ကြောင့် စစ်ကောင်စီ၏ ပြည်သူအပေါ် ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေမှုများအား ပြည်တွင်း၊ ပြည်ပ ကရင်အရပ်ဖက်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက ထိရောက်သော အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။

အဆိုပါစစ်ရှောင်များ၏ လုံခြုံရေးနှင့် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် နိုင်ငံတကာအဖွဲ့အစည်းများကို တောင်းဆိုထားသည်။

#TachileikNewsAgency