ဝက်လက်မြို့နယ်အတွင်း ရွာနန်းရွာတွင် စစ်ကောင်စီတပ်က အကြမ်းဖက် မီးရှို့ဖျက်ဆီး၊ သတ်ခံထားရသည့် ဒေသခံ (၅)ဦး ၏ အလောင်းလည်း တွေ့ရှိ

ဝက်လက်မြို့နယ်အတွင်း ရွာနန်းရွာတွင် စစ်ကောင်စီတပ်က အကြမ်းဖက် မီးရှို့ဖျက်ဆီး၊ သတ်ခံထားရသည့် ဒေသခံ (၅)ဦး ၏ အလောင်းလည်း တွေ့ရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွာနန်းရွာတွင် စစ်ကောင်စီတပ်၏ အကြမ်းဖက် မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးနောက် သတ်ဖြတ်ခံထားရသူ အမျိုးသမီး(၃)ဦးနှင့် အမျိုးသား(၂)ဦး၏ အလောင်းကိုတွေ့ရှိထားကြောင်း ဒေသခံများထံက သိရသည်။

ဝက်လက်မြို့တောင်ဘက် (၅)မိုင်အကွာရှိ ရွာနန်းရွာကို စစ်တပ်နှင့်ပျူစောထီးများက ယမန်နေ့ ဧပြီလ (၇)ရက်နေ့နံနက် (၅)နာရီဝန်းကျင်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ ပစ္စည်းများကို ခိုးယူခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

"နံနက်(၂)နာရီမှာ စစ်တပ် ဆင်းလာတယ်ကြားတယ်။ ပြီးတော့ရွာထိပ်မှာ စုပြီးပျူစောထီးတွေရော ပေါင်းတယ်။ အင်အား(၁၀၀)လောက်နဲ့ ဝင်လာပြီး လက်နက်ကြီးနဲ့ ထုပြီးရှို့တာ။ မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့သူတွေအသတ်ခံရတာ။ တစ်ယောက်ဆို ထွက်ပြေးဖို့ လှည်းပေါ်ရောက်နေတဲ့အချိန် ပစ်သတ်ခံရတာ"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်နှင့်ပျူစောထီးများက နံနက်(၂)နာရီတွင် ရွာနန်းရွာသို့ရောက်လာပြီး ရွာထိပ်တွင်အင်အားစုစည်းနေစဥ် ဒေသခံများကထွက်ပြေးခဲ့ကြရာ ကျန်ခဲ့သည့် အမျိုးသမီး(၁)ဦးနှင့် အမျိုးသား(၁)ဦးကို သေနတ်ပစ်ခတ်ဒဏ်ရာနှင့် တွေ့ခဲ့ရပြီး ကျန်အမျိုးသမီး(၂)ဦးနှင့် အမျိုးသား(၁)ဦးကို မီးလောင်သေဆုံးလျှက်တွေ့ရကြောင် သိရသည်။

"ကျွန်တော်တို့ဆို ညကြီးဘာပစ္စည်းမှ ယူချိန် မရှိဘူး။ ထွက်ပြေးလာရတာ။ အခုအိမ်ကလည်းဘာမှ မရှိတော့ဘူး။ အကုန်မီးလောင်သွားပြီ။ ရွာတောင်ပိုင်းက စရှို့တာ။ ကျွန်တော့်အိမ်က ရွာတောင်ပိုင်းမှာ။ အခုတော့တစ်မိသားစုလုံးရှောင်နေရတယ်။ ရွာထဲပြန် မဝင်ရသေးဘူး "ဟု ရွာနန်းရွာသားတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါ ကျေးရွာအနီးရှိ ညောင်ငုတ်တိုရွာတွင် စစ်တပ်က တပ်ဆွဲထားကာ ကျေးရွာ၏ မြောက်ပိုင်းရှိ မီးမလောင်ဘဲ ကျန်ရှိသည့် အိမ်များမှ ပစ္စည်းများကို သယ်ယူနေကြောင်းသိရသည်။