ကန့်ဘလူတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့တို့ စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ (၁၀)ရွာကျော်မှ အရပ်သား ထောင်ချီ ထွက်‌ပြေးနေရ

ကန့်ဘလူတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့တို့ စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ (၁၀)ရွာကျော်မှ အရပ်သား ထောင်ချီ ထွက်‌ပြေးနေရ
စက်တင်ဘာ 9, 2023 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်များ ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ(၁၂)ရွာမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။

တောင်တည်းကုန်းရွာအား ညောင်ဇင်လေးရွာ ပျူစောထီးစခန်းမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား(၁၀၀)ဝန်းကျင်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာအားမီးရှို့ဖျက်ဆီးသဖြင့် အနီးရှိကျေးရွာ(၁၂)ရွာမှ ဒေသခံများ တိမ်းရှောင်‌နေရခြင်းဖြစ်ကြောင်း သိရသည်။

တောင့်တည်းကုန်းရွာအား မီးရှို့ဖျက်ဆီးပြီးနောက် ညောင်ဇင်ကြီးရွာဘက်သို့ ထပ်မံ စစ်ကြောင်းထိုး‌ခဲ့ခြင်းကြောင့် တောင့်တည်းကုန်း၊ သိုးဘိုး၊ ကိုးမြို့၊ ဖလံချိုင်၊ ညောင်ဇင်ကြီး၊ သရက်ခေါင်း၊ မင်းကုန်း(က)၊ ဆူးပုတ်ကုန်း၊ ဘိုတဲကုန်း၊ ဘိုကုန်း၊ ပေလည်နှင့် ငါးရာနဲ စသည့် ကျေးရွာ (၁၂)ရွာမှ ဒေသခံများတိမ်းရှောင်နေကြရကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းသည် ဩဂုတ်လနောက်ဆုံးပတ်မှစ၍ ကန့်ဘလူမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂)ရက်နေ့ကလည်း နတ်အင်းမှ အင်းလယ်ကြီးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများကြောင့် ပိတ်မိနေသည့် အင်းလယ်ကြီးရွာမှ မောင်ဝင်းကြိုင်နှင့် မောင်ဇင်အောင်တို့ နှစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ဝါးရုံပင်ကြား ပုန်းနေသည့် အမျိုးသမီးတစ်ဦးကိုလည်း သေနတ်နှင့်ပစ်ခတ်ဖမ်းဆီးပြီး ပါးကျည်ထိမှန်ဒဏ်ရာဖြင့် စစ်ကြောင်းတစ်လျောက် ဓားစာခံအဖြစ် ခေါ်ဆောင်သွားပြီးနောက် ပြန်လည်လွှတ်ပေးခဲ့သည်ဟု ကျွန်လှ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ(၄) ရက်နေ့ကလည်း ယော၊ လယ်လှပျူစောထီး စခန်းမှထွက်လာသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း(၃၆၁)နှင့် ပျူစောထီးအင်အား(၁၂၀)ခန့်သည် ထန်းကုန်းတိုက်နယ်အတွင်းရှိ ဉာဏ်အင်းရွာအား တတိယအကြိမ်မီးရှို့ရာ နေအိမ်(၂)လုံးမီး လောင် ပျက်စီးခဲ့သည်။

ပျူစောထီးများ ပါဝင်သည့် ယင်းစစ်ကြောင်းသည် စက်တင်ဘာလ(၆)ရက်နေ့တွင် လေးလှရွာနှင့် မြိုင်သာယာရွာအား ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ရာ လေးလှရွာမှ နေအိမ်တစ်လုံး၊ စာသင်ဆောင်တစ်ဆောင်နှင့် မြိုင်သာယာရွာမှ နေအိမ် (၄)လုံးမီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။



Photo- ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်