မြဝတီမြို့တွင် Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ယာယီတပ်ရင်းမှူး  အပါအဝင် (၅)ဦးသေဆုံး

မြဝတီမြို့တွင် Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ယာယီတပ်ရင်းမှူး  အပါအဝင် (၅)ဦးသေဆုံး
စက်တင်ဘာ 4, 2023 | 2021 Military Coup| အခြားဒေသများ

 ကရင်ပြည်နယ် မြဝတီမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး နှင့် ထွေအုပ်ရုံးတို့တွင် Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ၍ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး နှင့် ယာယီတပ်ရင်းမှူး အပါအဝင်  (၅)ဦး သေဆုံးပြီး ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင်  (၁၁)ဦး ဒဏ်ရာရှိသွားကြောင်း သိရသည်။

၂၀၂၃ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့ ညက Drone ဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခလရ(၂၇၅)မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး အောင်ကျော်မင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် နေလင်းစိုး နှင့် ခရိုင်ထွေအုပ်မှ ဦးစီးမှူး ဦးထွန်းထွန်းညိမ်း နှင့် အကြီးတန်းစာရေး ဦးပြည့်ဖြိုးအောင် စုစုပေါင်း (၅)ဦး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိသည်။

ဒဏ်ရာရရှိသည့် (၁၁)ဦးတွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်ထက်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမျိုးဝင်း နှင့် ရဲဒုတပ်ကြပ် မျိုးမင်းသော် အပြင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ (ကလရ)မှ ဒုရဲမှူး ထွန်းထွန်းနိုင်နှင့် ဒုရဲအုပ်သက်ခိုင်တို့ (၅)ဦးမှာ ပြင်းထန်သည့် ဒဏ်ရာများကြောင့် စိုးရိမ်ရသည်ဟု သိရသည်။

ဒဏ်ရာရ ကျန်(၆)ဦးဖြစ်သည့် ဒုရဲအုပ်လွင်မိုးဦး၊ ဒုရဲအုပ် ဝင်းကျော်စိုး၊ ရဲတပ်သား ကျော်ဖြိုးဝင်း၊ ဒုတပ်ကြပ် ဝေယံဦး၊ ရဲတပ်သား ထွန်းလင်းဦး နှင့် ရဲဒုတပ်ကြပ် ပြေသိန်းတို့ မှာ မစိုးရိမ်ရသည့် ဒဏ်ရာများရရှိကြောင်း သိရသည်။

လက်ရှိတွင် စိုးရိမ်ရသည့် ဒဏ်ရာရ လူနာများကို မြဝတီမြို့အနီး တဖက်ထိုင်းနိုင်ငံဘက်ရှိ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားရကြောင်း သိရသည်။