မုံရွာမြို့တွင် တစ်နေ့တည်း (၃၀)ကျော် ဖမ်းဆီးခံထားရပြီး PDF ဟု စွပ်စွဲခဲရသည့် လူငယ်အချို့ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ နှိပ်စက်ခံထားရ

PDF နှင့် ဆက်စပ်သည်ဟုဆိုကာ စွပ်စွဲ ဖမ်းဆီးခံရသူများ
PDF နှင့် ဆက်စပ်သည်ဟုဆိုကာ စွပ်စွဲ ဖမ်းဆီးခံရသူများ
 မုံရွာမြို့တွင် တစ်နေ့တည်း (၃၀)ကျော် ဖမ်းဆီးခံထားရပြီး PDF ဟု စွပ်စွဲခဲရသည့် လူငယ်အချို့ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ နှိပ်စက်ခံထားရ
ဖေဖော်ဝါရီ 22, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် PDF အဖွဲ့ကဟုဆိုကာ လူငယ်(၄)ဦးကို ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးထားသည်မှာ အသက်အန္တရာယ်နှင့် စိုးရိမ်နေရကြောင်းနှင့် ယနေ့ တစ်နေ့တည်းတွင် မုံရွာတွင် အယောက်(၃၀)ကျော် ဖမ်းဆီးခံရကြောင်း သိရသည်။

 မုံရွာမြို့ မြဝတီရပ်ကွက်၊ ဗန္ဓုလလမ်းနှင့် မကျီးပင်ဈေးလမ်းထောင့်တွင် ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်အချိန်က အမျိုးသားတစ်ဦး  နှင့် အမျိုးသမီးတစ်ဦး  ဖမ်းခံရပြီးနောက် ဆက်လက်၍  နန္ဒဝန်ရပ်ကွက်တွင်  အမျိုးသားနှစ်ဦး ထပ်မံ ဖမ်းခံရကြောင်း သိရသည်။

နှိပ်စက်ခံထားရသူ လူငယ်အချို့

ဖမ်းဆီးခံရသည့် (၄)ဦးမှာ မြင့်မောင်မောင်၊ သူရိန်မြင့်၊ တိုင်းလင်း နှင့် ယုယုထွန်းတို့ဖြစ်ပြီး ဖမ်းဆီးခံရသည့် (၄)ဦးစလုံး ညှင်းပမ်းနှိပ်စက်ခံထားရသည်အနက် မြင့်မောင်မောင်၏ အခြေအနေမှာ ဆိုးဝါးပြီး အသက်အန္တရာယ် စိုးရိမ်ရသည်အထိ နှိပ်စက်ခံထားရသည်ဟု သိရသည်။

မြင့်မောင်မောင် အခြေအနေကတော့ ဆိုးတယ်။ အတော်နှိပ်စက်ခံထားရတာ။ သူ့ဆံပင်ရှည်တာကိုလည်း ကြွက်ကိုက်ကေလိုမျိုး လုပ်လိုက်တယ်။  မျက်နှာလည်း ရစရာမရှိဘူး၊။ နောက်ပြီး ဒီနေ့ အားလုံးပေါင်း ကျနော် သိရသလောက်ဆိုရင် (၃၂)ယောက် ဖမ်းခံရတယ်။ နောက်ဆက်တွဲဖမ်းခံရတဲ့အထဲက တချို့လည်း မင်းတို့က PDF မလားဆိုပြီး မေးမေးပြီးတော့ကို အတော်လေး နှိပ်စက်ခံထားရတယ်လို့ အတွင်းသတင်းအရ သိရတယ်ဗျ

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

PDF နှင့် ဆက်စပ်သည်ဟုဆိုကာ စွပ်စွဲ ဖမ်းဆီးခံရသူများ

ယနေ့ ဖေဖော်ဝါရီလ(၂၂)ရက်နေ့ တစ်နေ့တည်းတွင် ၎င်းတို့ (၄)ဦး အပြင် လူပေါင်း (၃၀)ဦးကျော်ကိုလည်း PDF နှင့် ဆက်စပ်မှုရှိသည်ဟု ဆိုကာ ဖမ်းဆီးထားပြီး ယနေ့ ညအထိ စစ်တပ်က စစ်ကြောရေး ပြုလုပ်နေသည်ဟု ဒေသခံများထံ သိရသည်။