ကောလင်းမြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပြီး လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိ

ကောလင်းမြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပြီး လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိ
ဖေဖော်ဝါရီ 9, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ  ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။

ယမန်နေ့က ကောလင်းမြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် မင်းချမ်းကျောင်းနှင့် တဲကြီးကုန်းအနီး တဝိုက်တွင် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များ အထိနာအကျ အဆုံးများကာ တော်လှန်ရေးတပ်များဘက်က ရဲဘော်(၄)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် ကောလင်းမြို့အား ရယူရန် ကြိုးစားနေဆဲဖြစ်ပြီး ယခုအချိန်ထိ အပြည့်အဝထိန်းချုပ် နိုင်ခြင်းမရှိသေးဘဲ မင်းတဲကြီးရပ်ကွက်မှ စစ်ကြောင်းမှာ တော်လှန်ရေးတပ်များ လိုက်လံပစ်ခတ်မှုကြောင့် ကောလင်းတောင်ဘက် ဆိုင်ဒူးရွာသို့ ဆုတ်ခွာထားပြီး ကောလင်းမြောက်ခြမ်းမှ တိုးလာသော စစ်ကြောင်းမှာ ကျွန်းလှခုံရွာအထိ ဆုတ်ခွာသွားကြောင်း Kawlin Revolution KR ထံမှ သိရသည်။  

ကောလင်းမြို့ကို စစ်ကောင်စီတပ်က အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးနေကာ လေကြောင်းမှ ပစ်ကူပေးခြင်း၊ ဟောင်ဝှစ်ဇာများဖြင့် ပစ်ကူပေးခြင်းတို့ ပြုလုပ်နေပြီး ဖေဖော်ဝါရီလ(၃)ရက်နေ့က စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။